စစ်တွေအခြေစိုက် တပ်ရင်းများနှင့်နေဗီများက လက်နက်ကြီးများဖြင့်ပစ်ခတ်

စစ်တွေအခြေစိုက် တပ်ရင်းများနှင့်နေဗီများက လက်နက်ကြီးများဖြင့်ပစ်ခတ်

နှင်းနွယ်နီ — ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းများနှင့် နေဗီများက ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

စစ်တွေအမှတ် (၁၂) ရဲတပ်ရင်းနှင့် လက်ဝဲသလုံးတော်ဓာတ်အောက်ဘက် ကန်တော်ကြီးတွင် တပ်စွဲထားသော စစ်တပ်၊ ရွှေမင်းဂံရေတပ်စခန်းနှင့် နေဗီတို့က ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ဘက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်သည်ဟု အသက် ၅၀ ကျော်အရွယ် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ဟိုတစ်နေ့က မနက်က ၇ နာရီလောက်ကနေပစ်တာ။ အရင်ရက်တွေကလည်း ပစ်တယ်။ တောက်လျှောက် ပစ်နေတာတော့ မဟုတ်ဘူး။ မနက်ပစ်တယ်။ နေ့ခင်းပစ်တယ်။ ညနေပစ်တယ်။ မနေ့ကဆို ည ၁၁ နာရီလောက်အထိ ပစ်တယ်” ဟုပြောသည်။

စစ်ကော်မရှင်တပ်ရင်းများက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ ဖေဖော်ဝါရီ ၂၄ ရက်အထိ လေးရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသို့ ပစ်ခတ်ခြင်းများလည်းရှိကြောင်း သူက ဆက်ပြောသည်။

“တိုက်ပွဲကတော့ ဖြစ်နေတာတော့အမှန်ပဲ။ စက်သေနတ်ပစ်သံတွေကြားတယ်။ ဆက်တိုက်ပစ်သံတွေ စက်သေနတ်တွေ။ ပုဏ္ဏားကျွန်းအစပ်တွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ ဒါ‌ကြောင့် စစ်တပ်က အမြောက်နဲ့ လှမ်းပစ်နေတာဖြစ်နိုင်တယ်” ဟုပြောသည်။

မြို့ခံအမျိုးသမီးတစ်ဦးက “လက်နက်ကြီးပစ်တာတော့ မကြောက်တော့ဘူး အရင်လိုတော့။ သူတို့ကလည်း ပစ်တယ်။ ကိုယ်ကလည်း ကိုယ့်အလုပ်ကိုယ် လုပ်တယ်။ ပစ်တာလည်း ကြာနေပြီဆိုတော့လေ။ သိပ်ပြီးမထူးခြားပါဘူး” ဟုပြောသည်။

စစ်ကော်ရှင်ထိန်းချုပ်ထားသည့် စစ်တွေမြို့နှင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တို့တွင် ယခုနှစ် ၂၀၂၆ ခုနှစ် အစောပိုင်းမှစတင်ကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

AA သည် ရခိုင်ပြည်ရှိ မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် သုံးမြို့ထဲက စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို ထိုးစစ်ဆင်နေသည်။

စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကာကင်းစခန်းကြီး နှစ်ခုကို AA ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်က သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းကလည်း စစ်တွေ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ရွှေမင်းဂံ ရေတပ်စခန်းမှ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာတော့ နှစ်ဖက်တပ်တွေ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ် စနိုက်ပါတွေနဲ့ အငိုက်ဖမ်း နှောင့်ယှက်ပစ်ခတ်မှုတွေ ပြန်ပြီး ဖြစ်ပေါ်လာပါတယ်။ ကျွန်တော် ခဏခဏ ပြောပါတယ်။ စစ်တွေမြို့သိမ်းတိုက်ပွဲ မစသေးပါဘူး။ နိဒါန်းရဲ့ နိဒါန်းမျှသာ ရှိနေပါသေးတယ်။ ပြီးရင် စစ်တွေမြို့ထဲမှာ ရဲတပ်ရင်းနဲ့ မြို့အစွန်ကမ်းနားမှာ ရေတပ်တစ်ခုသာ ရှိပါတယ်။ လေဆိပ်မှာ လုံခြုံရေးအဖြစ် စစ်ကြောင်းတစ်ကြောင်းမျှသာ ရှိပါ‌တယ်။ အာရက္ခတပ်တော်အနေနဲ့ ဒီလိုအနေအထားမှာ ကလေးကလား ရဲတပ်ရင်းလောက်ကို တိုက်နေတော့မှာ မဟုတ်လောက်ပါဘူး။”ဟု ဗိုလ်ကြီးဇင်ယော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ရေးသုံးသပ်ချက်မှာ ရေးသားထားသည်။ 

Most read this week

February 25, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရပ်သား...
February 24, 2026
မောင်စာဂ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နည်းပညာဌာနက အရပ်သားပြည်သူများအတွက်...
February 23, 2026
ခိုင်လူလှ (ရိုးမမြေ) — အကြမ်းဖက် မြန်မာစစ်ကော်မရှင်တပ်မှအရပ်သားများနေထိုင်ရာ ကျေးရွာများကို...
February 21, 2026
ခိုင်လူလှ (ရိုးမမြေ) — မြန်မာနိုင်ငံ ရခိုင်ပြည်ဘက်သို့  ဘိလပ်မြေ ၁၀၀၀ ကျော်ကို ရေကြောင်းကနေ...