စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်

စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်

အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and Monitoring System – PSMS) နည်းပညာကို အသုံးပြုကာ ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်သည့် အတွက် ဂရုပြုကြရန် Spring Revolution Database (SRD)က တိုက်တွန်းသည်။

“အကြမ်းစစ်ကောင်စီကျူးလွန်ထားသော စစ်ရာဇဝတ်မှုမှတ်တမ်းများ” ခေါင်းစဉ်ဖြင့် SRD က ထုတ်ပြန်သည့် အာဏာ သိမ်း ငါးနှစ်ပြည့် အစီရင်ခံစာတွင် ထိုသို့ဖော်ပြထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကော်မရှင်အတွက် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (PSMS) ကို တရုတ်နိုင်ငံ Huawei နည်းပညာကုမ္ပဏီက အကောင်အထည်ဖော်ပေးနေခြင်းဖြစ်ပြီး PSMS Application ကို ရုရှားနိုင်ငံက အဓိက တာဝန်ယူရေးဆွဲပေးနေကြောင်း SRD က ဆိုသည်။

ထိုနည်းပညာသည် လူပုဂ္ဂိုလ်တဦးချင်းစီ၏  သီးသန့်ကိုယ်ရေးအချက်အလက်များကို အလွယ်တကူ စောင့်ကြည့်နိုင်ရန် AI Facial Recognition၊ CCTV Analysis၊ Biometric Data နည်းပညာတို့ဖြင့် စုပေါင်းတည်ဆောက်ထားခြင်ဟု ဖော်ပြသည်။  

လက်ရှိတွင် စစ်ကော်မရှင်က PSMS Application Version 1.2 ကို စတင်အသုံးပြုနေပြီး ၎င်းတို့ အလိုရှိနေသည့် လူပုဂ္ဂိုလ် ၅၀,၀၀၀ ၀န်းကျင်၏  ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းထားကြောင်း SRD ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

 

အဆိုပါ နည်းပညာကို အာဏာသိမ်းစစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့က စစ်ဆေးရေးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်နှင့် မြို့အဝင်အထွက် ဂိတ်များတွင် ထားရှိအသုံးပြုကာ အရပ်သားပြည်သူများနှင့် တော်လှန် ရေးအင်အားစုများကို ဖမ်းဆီးနေကြောင်း SRD က အသိပေးသည်။

 

SRD ၏ အစီရင်ခံတွင် ဖော်ပြထားသည့် အချက်အလက်အရ PSMS နည်းပညာကို အသုံးပြု၍ ၂၀၂၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် နမ့်စန်မြို့၊ ထင်းရှူးမြိုင်စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည) ဖြင့် အမှုဖွင့်လှစ်ခံထားရသူ မနန်းချယ်ရီထွန်း၊ ဇွန်လ (၂၃) ရက်နေ့တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်၌  CDM မိသားစုတစု ဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။

 

အလားတူ ရှမ်းပြည်နယ်၊ ကလောမြို့အဝင်ရှိ နန့်ပန်တက် စစ်ဆေး ရေးဂိတ်၌ အသက် ၂၉ နှစ်အရွယ် မသက်ထားသူဇာ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မှ တာချီလိတ်သို့သွားသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား လူငယ်တဦးကို  PSMS စနစ် ဖြင့် စစ်ဆေးပြီးဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

 

လက်ရှိတွင်လည်း အာဏာသိမ်းစစ်တပ်သည် PSMS နည်းပညာကို အသုံးပြုပြီး CDMများ တက်ကြွလှုပ်ရှားသူများအား တကျော့ပြန်ဖမ်းဆီးရန် ကြိုးစားလာနေကြောင်း SRD က ဆိုသည်။

 

ထို့ကြောင့် မိမိတို့၏ လူမှုကွန်ရက်စာမျက်မှာများ၊ ဖုန်းနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မပေါက်ကြားအောင် ဂရုပြုကြရန် တိုက်တွန်းထားသည်။

 

SRD က ထုတ်ပြန်သည့် အာဏာသိမ်းငါးနှစ်ပြည့်အစီအရင်ခံစာတွင် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကော်မရှင်က တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျူးလွန်သည့် အရပ်သားများအပေါ် မတရားသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် ဆက်စပ်သည့် ဖြစ်စဉ် စုစုပေါင်း ၁၉,၀၄၇ ခု ကို အပိုင်းများခွဲကာ ဖော်ပြထားသည်။

 

Spring Revolution Database (SRD) ကို စစ်အုပ်စုကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအား ပြည်တွင်းတရား ရုံး၊ နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုရာ၌ လိုအပ်သည့် မှတ်တမ်း၊ ဓာတ်ပုံ၊ ဗီဒီယိုအထောက်အထားများကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်တွင် စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...