စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပင်နုတ်စွပ် ရွာနဲ့ နောင်မော်ကျေးရွာတို့ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့မှုထဲ ကလေးငယ်အပါအဝင် သေဆုံးသူနဲ့ဒဏ်ရာရရှိသူ (၂၀)ဝန်းကျင်ရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဖေဖော်ဝါရီ(၂၂)ရက်နေ့ (၃)နာရီခွဲအချိန်မှာ ပင်နုတ်စွပ်ကျေးရွာအထွက်ရှိ စျေးတန်းကို Y12 လေယာဉ်ဖြင့် ဗုံးကျဲချမှုပြုလုပ်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း သိရပါတယ်။
ပင်နုတ်စွပ်ကျေးရွာဟာ ဟုမ္မလင်း (PDF) တွေစိုးမိုးထိန်းချုပ်နယ်မြေဖြစ်ပြီး ဟုမ္မလင်းမြို့ထဲကိုဝင်ရောက်မယ့် ကုန်စည်တွေကို စစ်ဆေး၊ပိတ်ပင်တာတွေနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်တဲ့ နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဟုမ္မလင်းကိုဝင်မယ့်ကုန်စည်လမ်းကြောကလည်း အဲတစ်လမ်းပဲပွင့်တာဆိုတော့ ကုန်စည်ကူးသန်းရောင်းဝယ်တဲ့သူတွေက အဲမှာအမြဲတမ်းပြည့်နေတာ။ ဂိတ်ကြေးပေးဖို့ပေါ့ ။ တန်းစီနေတဲ့သူတွေနဲ့အမြဲစည်ကားနေတာ။ ဂိတ်ကြေးကလည်း နင့်နေအောင်ပေးရတော့ နာမည်ကထွက်နေတာကြာပြီ"ဟု အနီးနေထိုင်သူတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီလ (၂၃) ရက် မနက်ပိုင်းမှာလည်း နောင်မော်ကျေးရွာအနီးရှိ ရွှေလုပ်ကွက်မျှောတွေမှာ နောက်ထပ်ဗုံး(၂)လုံးကြဲချခဲ့တာကြောင့် မျှောတဲ(၃)ခု မီးလောင်ပျက်စီးခဲ့သလို သိုလှောင်ထားတဲ့စက်သုံးဆီများလည်း ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ပေါက်ကွဲမှုတွေကြောင့် ထိခိုက်မှုတွေရှိပေမယ့် အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
"နောင်မော်ရွာရဲ့ ဘေးနားမျှောလုပ်ကွက်မှာချတာ။ (PDF)တွေနေတဲ့နေရာတော့မဟုတ်ဘူး။ ပြည်သူတွေပဲနေတာ (SNA) ထိန်းချုပ်တဲ့နေရာထဲမှာပဲ နှစ်လုံးချတယ်။ Y12 နဲ့ပဲ မျှောတဲ(၃)တဲ မီးလောင်တယ်။ ပြီးရင် သိုလှောင်ထားတဲ့ဆီတွေပေါက်ကွဲကုန်တယ်။ လူတွေလည်း ထိတယ်ပြောတယ်"ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ််။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်တပ်မှလေကြောင်းတိုက်ခိုက်မှုမပြုလုပ်တာ လအတော်ကြာမြင့်နေပြီဖြစ်ပြီး ယခုလထဲ စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟုမ္မလင်းမြို့နယ်ကို ရောက်ရှိခဲ့ပြီးနောက် လေကြောင်းသုံးဗုံးကျဲချမှုတွေ ပြန်လည်ဖြစ်ပွားလာနေတယ်လို့လည်း ဒေသအတွင်းပြောဆိုမှုတွေရှိနေပါတယ်။







