မွန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲမတိုင်မီ လောင်းကစားဝိုင်းပါမစ် ဆက်တိုက်ချပေးနေ

မွန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲမတိုင်မီ လောင်းကစားဝိုင်းပါမစ် ဆက်တိုက်ချပေးနေ

မွန်ပြည်နယ်မှာ အစိုးရအဖွဲ့အသစ် အပြောင်းအလဲ မတိုင်မီ ပြည်နယ်စစ်ကော်မရှင်က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေအတွက် ပွဲပါမစ်တွေ ဆက်တိုက်ချပေးနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ အစိုးရအသစ် ပြန်မဖွဲ့မီစပ်ကြား လောင်းကစားဝိုင်းတွေအတွက် ပွဲပါမစ်တွေကို ဆက်တိုက် ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

လောင်းကစားဝိုင်းတွေအတွက် ပွဲပါမစ်တွေ ချပေးနေတာဟာ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် နေရာအတွက် မသေချာတာကြောင့် သူတာဝန်ယူတဲ့ အချိန်ကာလအတွင်း ရသလောက် ယူသွားမယ့် ပုံစံမျိုး ဖြစ်တယ်လို့ ဝေဖန်တာပါ။ အဲဒီရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ ပြောဆိုချက်ကို လုံခြုံရေး အခြေအနေအရ အသံအစားထိုး ဖတ်ပေးထားပါတယ်။

“လောလောဆယ်တော့ ကလေးတွေ စာမေးပွဲ ရှိလို့ လောင်းကစားဝိုင်းတွေ ခဏ နားထားတယ်။ ပြီးရင်တော့ အကြီးအကျယ် ပြန်ပေးမှာ။ ဝန်ကြီးချုပ်က ပွဲပါမစ်တွေကို အကုန်ပေးခိုင်းတဲ့ သဘောပေါ့။ ဘာလို့ဆို သူက ဝန်ကြီးချုပ် ပြန်ဖြစ်မလား မဖြစ်ဘူးလားဆိုတာ ဘယ်သူမှ မသိဘူးလေ။ အခု သူရှိတဲ့အချိန် ရသလောက် ယူမယ်။ ရသလောက် လုပ်မယ် ဆိုတဲ့ ပုံစံပေါ့”လို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့ဟာ အစိုးရသစ် ဖွဲ့ပြီးပါက အုပ်ချုပ်ရေးမှူးတွေကို ပြန် လည် ရွေးချယ်ရမှာဖြစ်တဲ့အတွက်လည်း သူ့အပြင် အုပ်ချုပ်ရေးမှူးတွေအတွက်ပါ စားပေါက် ဖန်တီးပေးတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ သူက ဝေဖန်တာပါ။

ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို အရင်က ပွဲတော်တွေ၊ ပွဲလမ်းသဘင်တွေမှာ ခွင့်မပြုပေးခဲ့ပေမယ့် စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထက်မှာတော့ လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုပေးနေတာပါ။

လောင်းကစားဝိုင်းတွေကို ခွင့်ပြုတဲ့နေရာမှာလည်း ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ကထိန်ပွဲ၊ ရာသီအလိုက်ပွဲတော်တွေအပြင် အကြောင်းအမျိုးမျိုးပြပြီး ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေကအစ ပြုလုပ်ခွင့်ပေးနေတာ ဖြစ်ပါတယ်။

လောင်းကစားဝိုင်းတွေကနေ ရရှိလာတဲ့ ဝင်ငွေတွေကိုတော့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူ အဆင့်ဆင့်အပြင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအကြီးအကဲတွေကအစ ခွဲဝေယူနေကြတာပါ။

မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ မကြာခဏဆိုသလို ဆိုင်ကယ် ခိုးမှု၊ ခိုးဆိုးလုနှိုက်မှုတွေအပြင် အရွယ်မရောက်သေးတဲ့ ကျောင်းသား လူငယ်တွေကအစ အကျင့်စာရိတ္တပျက်စီးမှုတွေဖြစ်ပေါ် နေပေမယ့် ပြည်နယ်စစ်ကော်မရှင်ဘက်က လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

March 16, 2026
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဒီကနေ့ ခေါ်ယူကျင်းပတဲ့ အစည်းအဝေးမှာ...
March 14, 2026
တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို အခြေခံပြီး တော်လှန်ရေးကာလအတွက် မွန်ပြည်တော်လှန်ရေးပဋိညာဉ် (...
March 13, 2026
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ကန့်သတ်ချက်အပါအဝင် လိုသလောက် ဝယ်ယူလို့မရတဲ့...
March 12, 2026
စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ...