NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ် ပေါ်ပေါက်လာရန် တိုင်းရင်းသားခေါင်းဆောင်များ တောင်းဆိုလိုက်သည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိ သည့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခု ပေါ်ပေါက်လာရန် လိုအပ်နေပြီဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် တော်လှန်ရေးအင်အားစုများက ထောက်ပြပြောဆို လိုက်ကြသည်။
စစ်ကော်မရှင်ဘက်က တိုင်းရင်းသားအဖွဲ့များကို NCA လမ်းကြောင်းအတိုင်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်နေ သော်လည်း တိုင်းရင်းသားခေါင်းဆောင်များကမူ လက်ရှိအခြေအနေမှာ NCA စာချုပ်ပါ အချက်အလက်များနှင့် ကိုက်ညီမှု မရှိတော့ကြောင်း တုံ့ပြန်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက NCA ဖြစ်စဉ်သည် ယနေ့တွင် သမိုင်း မှတ်တမ်း တစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် တော်လှန်ရေး အင်အားစုများ၏ ဘုံသဘောထားကို ယခုကဲ့သို့ ပြောသည်။
“ဆွေးနွေးမယ်ဆိုရင်လည်းပဲ စစ်တပ်က နိုင်ငံရေးကထွက်ရမယ်၊ ၂၀၀၈ အောက်က အကောင်အထည် ဖော်မှု တွေကို ကျနော်တို့ လက်မခံဘူး၊ Transitional Justice (အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု) ကို လက်ခံမယ် အပါအဝင်ပေါ့နော်၊ အချက်ခြောက်ချက်ကို ကျနော်တို့ ဦးတည်ချက်နဲ့ သတ်မှတ်ထားတယ်။”
အလားတူ NCA လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်သည့် 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကလည်း နိုင်ငံ၏ ပကတိအခြေအနေအရ NCA ထက် ပိုမိုကောင်းမွန်ပြီး သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းသစ်ကို မျှော်လင့်နေကြောင်း ဆိုသည်။
“ဒီပဋိပက္ခထဲမှာ ပါဝင်နေတဲ့ သက်ဆိုင်တဲ့ အင်အားစုတွေ အကုန်လုံး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်း၊ အဲဒါမျိုး ပေါ်လာခဲ့တယ်ဆိုရင်လည်းပဲ ကျွန်တော်တို့ကတော့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင့်သင့် ရှိတယ် ဆိုတာ ကိုတော့ ကျနော်တို့ အမြဲတမ်း ၇ ဖွဲ့ထဲမှာ ပြောလေ့ပြောထ ရှိပါတယ်။ လက်ရှိ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် ဒါထက်ကောင်းတဲ့ လမ်းကြောင်းအသစ်တွေ ပေါ်လာခဲ့တယ် ဆိုရင်လည်းပဲ ကျနော်တို့အနေနဲ့ ဒါ ပူးပေါင်း ဆောင်ရွက်ဖို့ ကျနော်တို့မှာ အဲ့လိုမျိုး စဉ်းစားချက်တွေ ရှိပါတယ်။”
တစ်ဖက်တွင် လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သော မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာ ရေးအဖွဲ့ MDSI က စစ်ကော်မရှင်သည် တော်လှန်ရေး အင်အားစု အားလုံးကို စုပေါင်းဆွေးနွေးမည့်အစား အာရက္ခတပ်တော် AA နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကဲ့သို့သော အဖွဲ့ကြီးများကို သီးသန့်ခွဲထုတ်၍ အပစ်ရပ်ဆွေးနွေးသည့် (Selective Ceasefires) နည်းလမ်း ကို အသုံးပြုလာနိုင်ကြောင်း သတိပေးထားသည်။
သို့သော် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ထိုကဲ့သို့ ခွဲထုတ် ဆွေးနွေးမည့် ပုံစံကို ပြတ်သားစွာ ငြင်းပယ်လိုက်ပြီး NUG အပါအဝင် အင်အားစုအားလုံး ပါဝင်ရမည်ဖြစ် ကြောင်း ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောဆိုထားသည်။
“KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး၊ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIO က လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ နိုင်ငံတကာနဲ့ ဒီအိမ်နီးချင်းနိုင်ငံများ အားလုံးကို ကျနော်တို့ ပြောပြထားပြီးသား ဖြစ်ပါတယ်။”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားကြောင်းနှင့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အစိုးရထံ တာဝန် လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
သို့ရာတွင် တိုင်းရင်းသားခေါင်းဆောင်များကမူ စစ်ကော်မရှင်တပ်သည် နိုင်ငံရေးအရ ရင်ကြားစေ့ရန် ပြောဆို နေသော်လည်း မြေပြင်တွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းဗုံးကြဲမှုများ ဆက်လက် ပြုလုပ်နေခြင်းကြောင့် အဆိုပါဖိတ်ခေါ်မှုများမှာ ဟန်ပြလုပ်ရပ်သာ ဖြစ်သည်ဟု ဆိုကြသည်။







