မောင်စာဂ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နည်းပညာဌာနက အရပ်သားပြည်သူများအတွက် စတားလင့်အင်တာနက်ငှားရမ်းသုံးစွဲခွင့်ပြဋ္ဌာန်းချက်ကို ရခိုင်ပြည်သူများက ကြိုဆိုလျက်ရှိသည်ဟု သိရသည်။
အဆိုပါပြဋ္ဌာန်းချက်ကို နည်းပညာဌာနက ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်ဖြစ်သော သတင်းအချက်အလက်နှင့် နည်းပညာကို နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်အညီ တိုးတက်လာစေရန်၊ စတားလင့်အင်တာနက်ပစ္စည်းကိုငှားရမ်းအသုံးပြုခြင်းအားဖြင့် အဓိကကျသော စီးပွားရေးလုပ်ငန်းများ၊ သတင်းမီဒီယာဌာနများ၊ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းများနှင့်ငွေလွှဲငွေပြောင်းဝန်ဆောင်မှုလုပ်ငန်းများအတွက် သတင်းအချက်အလက်စီးဆင်းမှုပိုင်း အဆင်ပြေချောမွေ့လာစေရန်နှင့် ရခိုင်ပြည်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်ပြည်သူ့လုံခြုံရေးကိစ္စများကို မထိခိုက်စေဘဲ စတားလင့်နည်းပညာပစ္စည်းများကို သက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား ငှားရမ်းအသုံးပြုကြီးကြပ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင်ငှားရမ်းသုံးစွဲလိုသူများအတွက် လျှောက်လွှာများကိုလည်း နည်းပညာဌာနကလက်ခံနေပြီဖြစ်ပြီး လျှောက်လွှာများကို လာမည့် မတ်လအတွင်းနောက်ဆုံးထားလျှောက်ထားရမည်ဟုလည်း ဆိုသည်။
ရခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ မိသားစုဝင်များ၏လုပ်အားကို မျှော်ကိုးပြီးရပ်တည်စားသောက်နေရသူများတွင် အလွန်တရာ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု သိရသည်။
နည်းပညာဌာနက လတ်တလောဆောင်ရွက်ပေးထားသည့် အများပြည်သူသုံး အင်တာနက်ဝန်ဆောင်မှုပေးသည့်နေရာများတွင်လည်း လိုင်းနှေးကွေးသည့်အခက်အခဲတချို့ရှိနေသည့်အပြင် စစ်ကော်မရှင်တပ်၏ လေကြောင်းအန္တရာယ်များကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ယင်းသို့ ဆက်သွယ်ရေးကွန်ရက်များပြတ်တောက်၍ ပြည်သူများ ခက်ခဲနေချိန်တွင် နည်းပညာဌာနက ယခုကဲ့သို့ စတားလင့်အင်တာနက်လိုင်းများကို ပြည်သူများအား ငှားရမ်းသုံးစွဲခွင့်ပေးလာသည့်အပေါ် ကြိုဆိုသည်ဟု စတားလင့်ငှားရမ်းသုံးစွဲခွင့်လျှောက်ထားသည့် ကျောက်တော်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ခရီးဝေးကမနက်ကလာပြီးတော့၊ ထမင်းထုပ်နဲ့လာပြီးတော့ ညနေဘက် နေဝင်မှရောက်တယ်ဖုန်းဆက်ဖို့သွားရတာ။ ပြီးတော့ ငွေရေးကြေးရေးအားဖြင့်ဆိုရင်လည်းကျနော်တို့ဒီ တုတ်တုတ်စီးသွားရတာတွေ၊ ကားစီးပြီးသွားရတာတွေက တော်သေးတယ်။ တချို့ဆို လှေတစ်တန်၊ ဟိုဘက်က ချောင်းဖျားဘက်ကသူတွေဆိုရင် လှေတစ်တန်၊ဘုတ်တစ်တန်၊ ကားတစ်တန်၊ တစ်နေ့လုံးကုန်အောင်လာရတယ်။ တစ်ခါတလေလိုင်းအဆင်မပြေ သို့မဟုတ် ဒီလုံခြုံရေးအကြောင်းပြချက် တစ်ခုခုကြောင့်လိုင်းမဖွင့်တဲ့ရက်တွေဆိုရင် သူတို့ ချိန်းထားတဲ့ ကိုယ့်သားနဲ့ချိန်းထားတဲ့၊ သမီးနဲ့ချိန်းထားတဲ့၊ ကိုယ့်မှာအမျိုးသားနဲ့ချိန်းထားတဲ့သူတွေအတွက် လွဲသွားတယ်။ အဲလိုအခက်အခဲတွေအများကြီးရှိပါတယ်။ အဲလိုအတွက်ကြောင့် အခု စနစ်တကျဒီလိုဖွင့်ပေးလာတာကိုတော့ ကျနော်ကတော့ ကြိုဆိုတယ်။ ဘာကြောင့်နဲ့ပဲဖြစ်ဖြစ်ကျနော်တို့အတွက် အသက်ရှူပေါက်တစ်ပေါက်ရတယ်။ အဲဒီလို ကျနော်က မှတ်တယ်”ဟု ပြောသည်။
နည်းပညာဌာနက စတားလင့်အင်တာနက်ပစ္စည်းများငှားရမ်းအသုံးပြုမှုဆိုင်ရာလျှောက်လွှာများတွင် ကဏ္ဍလေးခုခွဲ၍ သတ်မှတ်ထားပြီး ကဏ္ဍတစ်ခုနှင့်တစ်ခု ငှားရမ်းခပေးဆောင်ရမည့်ငွေကြေးလည်း ကွဲပြားသွားသည်ကို တွေ့ရသည်။
အဆိုပါကဏ္ဍလေးခုမှာ နည်းပညာဌာနပိုင်ဆိုင်သော အင်တာနက်ပစ္စည်းမှတဆင့် ထုတ်လွှတ်သောအင်တာနက်လိုင်းခွဲများအား အခကြေးငွေပေး၍ လိုင်းခွဲငှားရမ်းတပ်ဆင်ငှားရမ်းအသုံးပြုခြင်း၊ နည်းပညာဌာနပိုင်ဆိုင်သောစတားလင့်အင်တာနက်ပစ္စည်းအား အခကြေးငွေပေး၍ အလုံးလိုက်ငှားရမ်းအသုံးပြုခြင်း၊ ပြင်ပမှဝယ်ယူထားသော ပုဂ္ဂလိကစတားလင့်အင်တာနက်ပစ္စည်းအားနည်းပညာဌာနသို့အပ်နှင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်မှတ်ပုံတင် ငှားရမ်းအသုံးပြုခြင်းနှင့် နည်းပညာဌာနပိုင်ဆိုင်သော စတားလင့်အင်တာနက်ပစ္စည်းကို ပုဂ္ဂလိကငှားရမ်းပြီး အစိုးရနှင့်ပူးပေါင်း၍အများပြည်သူသုံး အင်တာနက်စင်တာများ ဖွင့်လှစ်ခြင်းစသည့် ကဏ္ဍများဖြစ်သည်။
အဆိုပါကဏ္ဍလေးခုအနက်လိုင်းခွဲငှားရမ်းအသုံးပြုသူသည် ကနဦး အင်တာနက်ပစ္စည်းတပ်ဆင်ကြေးအဖြစ် ကျပ်ငါးသိန်းကို နည်းပညာဌာနသို့ ပေးဆောင်ရမည်ဖြစ်ပြီး တပ်ဆင်ရာတွင် ကုန်ကျမည့်ကြိုးစရိတ်ကိုလည်း ကြိုးအရှည်လိုက်၍ နည်းပညာဌာနသို့ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။
ငှားရမ်းသူသည် စရံငွေအဖြစ် ကျပ်ငါးသိန်းကိုလည်း နည်းပညာဌာနသို့ပေးဆောင်ရမည်ဖြစ်သလိုငှားရမ်းသူသည် အင်တာနက် ဘေလ်အခကို သုံးစွဲသည့် လုပ်ငန်းအမျိုးအစားနှင့်ပတ်ကေ့ရှ်အစီအစဉ်အပေါ်မူတည်၍ နည်းပညာဌာနသို့ ပေးဆောင်ရမည်ဟု ဆိုသည်။
စတားလင့်အလုံးလိုက်ငှားရမ်းရာတွင် ငှားရမ်းသူသည် တပ်ဆင်ကြေးအဖြစ် ကျပ်သိန်း ၂ဝ ကို နည်းပညာဌာနသို့ပေးသွင်းရမည်ဖြစ်ပြီး စရံငွေအဖြစ် ကျပ်သိန်း ၅ဝ ကိုလည်း ကြိုတင်ပေးသွင်းရမည်ဟု သိရသည်။
ငှားရမ်းသုံးစွဲခအဖြစ်တစ်လလျှင် ကျပ် ၁ဝ သိန်းကို နိုင်ငံတကာ ငွေလဲလှယ်နှုန်းကိုအခြေခံ၍ (၃)လစာကြိုတင်ပေးအပ်ရမည်ဖြစ်ပြီး ငှားရမ်းမှုစာချုပ်သက်တမ်းမှာတစ်နှစ်စီဖြစ်သည်ဟု ဆိုသည်။
အလားတူ ပြင်ပမှဝယ်ယူထားသော ပုဂ္ဂလိကစတားလင့်အင်တာနက်ပစ္စည်းအား နည်းပညာဌာနသို့အပ်နှင်းပြီး ပြန်လည်မှတ်ပုံတင် ငှားရမ်းအသုံးပြုသူသည် စတားလင့်အင်တာနက်ပစ္စည်းမှတ်ပုံတင်ကြေးအဖြစ် ကျပ်သိန်း ၂ဝ ကိုပေးသွင်းရမည်ဟု သိရသည်။
လစဉ်ကြေးကို (၃)လစာအတွက် ကျပ် ၁ဝ သိန်းကို တစ်ကြိမ်စီပေးဆောင်ရမည်ဖြစ်ပြီး ဘေလ်ကို မိမိကိုယ်တိုင် ဝယ်ယူထည့်သွင်းသုံးစွဲနိုင်သည်ဟု ဖော်ပြထားသည်။
နည်းပညာဌာနပိုင်ဆိုင်သောစတားလင့်အင်တာနက်ပစ္စည်းကို ပုဂ္ဂလိကငှားရမ်းပြီး အစိုးရနှင့်ပူးပေါင်း၍အများပြည်သူသုံး အင်တာနက်စင်တာများ ဖွင့်လှစ်ရန်လျှောက်ထားသူသည်လုံခြုံရေးအရ ယုံကြည်ပြီး အာရက္ခတိုင်းပြည်အား တစ်ဖက်တစ်လမ်းမှအကျိုးပြုသူဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော်၊သက်ဆိုင်ရာဌာနတစ်ခုခု၏ ထောက်ခံချက်ပါရှိရမည်ဟု ဆိုသည်။
အများပြည်သူသုံးအင်တာနက်စင်တာများကို နည်းပညာဌာနနှင့် အကျိုးတူသဘောမျိုးသာလုပ်ဆောင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်တစ်ခုတွင် သတ်မှတ်ထားသောဆိုင်အရေအတွက်ကိုသာ ဖွင့်လှစ်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။
အဆိုပါကဏ္ဍလေးခုတွင် မည်သည့်ကဏ္ဍအတွက် လျှောက်ထားစေကာမူ လျှောက်ထားသူသည် လိုင်စင်လက်မှတ်လျှောက်ထားရန်လိုသည်ဟု ဆိုသည်။
ရခိုင်ပြည်အတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လုပ်ငန်းကိုမဆို စတားလင့်အင်တာနက်ပစ္စည်းများအား တရားဝင်မှတ်ပုံတင်လိုင်စင်လက်မှတ်များဖြင့်သာအသုံးပြုခွင့်ပေးမည်ဖြစ်ပြီး လိုင်စင်လက်မှတ်မရှိဘဲ အသုံးပြုခြင်းအားတွေ့ရှိပါက ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမည်ဟုလည်း သိရသည်။
ယခုကဲ့သို့ စတားလင့်အင်တာနက် ငှားရမ်းသုံးစွဲခွင့်လျှောက်ထားလိုသူသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အုပ်ချုပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံးများတွင် လိုအပ်သည့်စာရွက်စာတမ်းနှင့် အထောက်အထားအပြည့်အစုံဖြင့် လာရောက်လျှောက်ထားရမည်ဟု နည်းပညာဌာနက ထုတ်ပြန်ထားသည်။
လျှောက်ထားသူသည် အမျိုးသားမှတ်ပုံတင်လက်မှတ်နှင့်အတူ ကိုယ်တိုင်လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ရပ်ကွက်/ရပ်ရွာ၌ နေထိုင်သူအမှန်ဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ရပ်ရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်ဟုလည်း ဆိုထားသည်။
စစ်ကော်မရှင်ကလမ်းပန်းဆက်သွယ်ရေးများကို ဖြတ်တောက်ထားသည့်ကြားမှ ကုန်သည်များအနေဖြင့်ရခိုင်သို့ ပြည်မနှင့် အိန္ဒိယဘက်မှ ကုန်စည်များကို ခက်ခက်ခဲခဲချရာတွင်လည်းဆက်သွယ်ရေးကွန်ရက်များပြတ်တောက်နေသည့်အတွက် လမ်းခရီးတွင် ကုန်ပစ္စည်းများ အဖမ်းခံရသည်ကို မသိလိုက်ရဘဲ ပျက်စီးဆုံးရှုံးများနှင့်ကြုံနေရသည်ဟု သိရသည်။
ယခုကဲ့သို့ဖြစ်ရခြင်းမှာ ဆက်သွယ်ရေးပြင်ပကိုရောက်နေသည့်အကျိုးဆက်ကြောင့်လည်းဖြစ်သလို အခြားအကြောင်းအရာများလည်း ရှိနေနိုင်သည်ဟု စတားလင့်ငှားရမ်းသုံးစွဲခွင့်လျှောက်ထားသည့် ကျောက်တော်ဒေသခံအမျိုးသားက နိရဉ္စရာကို ဆက်ပြောသည်။
“အခုဒီစတားလင့်တွေ အင်တာနက်အသုံးပြုခွင့်ရမယ့်ဟာ၊ အဲဒီလို နည်းပညာဌာနကလုပ်လာတာကိုတော့ မြန်မြန်ဆန်ဆန်နဲ့ ကိုယ့်မှာ၊ ကိုယ့်ပြည်သူတွေလုံလုံခြုံခြုံနဲ့ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်အောင်ချပေးမယ်လို့ပြောလာတဲ့အပေါ်မှာတော့ ကြိုဆိုပါတယ်။ ကိုယ့်မှာလုံလောက်တဲ့ ဒီ ဆက်သွယ်ရေးတွေ၊ လုံးဝမရရင်တောင်မှ လက်လှမ်းတမှီလောက်မှာပြည်သူတွေ ကျေးလက်တောရွာ၊ မြို့ပြ၊ လက်လှမ်းတမှီလောက်မှာ၊ ဥပမာအခက်အခဲနဲ့သွားရတဲ့ လုံးဝ အရမ်းအခက်အခဲနဲ့သွားရတဲ့ နေရာတွေမျိုးမဟုတ်ဘဲနဲ့လက်လှမ်းတမှီလောက်မှာ ရှိလာရင်တော့ ပိုလို့၊ အရင်လောက်မဟုတ်ရင်တောင်မှ ပိုပြီးအဆင်ပြေမယ်လို့ အဲဒီလိုမျိုး ခံစားမိပါတယ်”ဟု ပြောသည်။
စတားလင့် ငှားရမ်းသုံးစွဲခွင့်လျှောက်လွှာများကို မတ်လနောက်ဆုံးထား၍ လျှောက်ထားရမည်ဟုဆိုထားသည့်အတွက် ပြည်သူများကို မည်သည့်အချိန်မှစတင်ကာ ငှားရမ်းသုံးစွဲခွင့်ပေးသွားမည် ဆိုသည်ကိုသိလို၍ နည်းပညာဌာနသို့ နိရဉ္စရာက ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောခွင့်ရသူ ဦးခိုင်သုခကိုသာမေးမြန်းရန် အကြောင်းပြန်သည်။
ဦးခိုင်သုခကို ဆက်လက်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးပါ။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှစတင်ကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ နေရာကွက်ကျားရခဲ့သေးသော်လည်း ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှစတင်ကာ လုံးဝပြတ်တောက်သွားခဲ့သည်။







