မန္တလေး-မြစ်ကြီးနားလမ်း ပိတ်ဆို့မှုကြောင့် မြစ်ကြီးနားတွင် ကုန်စည်ပြတ်လပ်နေ

မန္တလေး-မြစ်ကြီးနားလမ်း ပိတ်ဆို့မှုကြောင့် မြစ်ကြီးနားတွင် ကုန်စည်ပြတ်လပ်နေ

မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄ သောင်းကျပ်အထိ စံချိန်တင်ဈေးတက်နေပြီး အခြေခံစားသောက်ကုန်များပါ ပြတ်လပ်နေပြီဟု မြို့ခံများက ပြောသည်။

ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားသို့ ကုန်စည်များ အဓိက စီးဆင်းရာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် တိုက်ပွဲများကြောင့် ကုန်ကားများ ပိတ်မိနေသည်မှာ တစ်လဝန်းကျင် ရှိလာပြီဖြစ်ရာ မြို့အတွင်း၌ ကြက်သား ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၄ သောင်းအထိ စံချိန်တင် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ဈေးကွက်အခြေအနေနှင့်ပတ်သက်၍ အသက် ၅၀ ဝန်းကျင်အရွယ် ကြက်သားဒိုင် အမျိုးသားတစ်ဦးက “ကြက်သားတစ်ပိဿာ ၃ သောင်း ၂ ထောင်ကနေ ၄ သောင်းအထိ တက်သွားတယ်။ တရုတ်ကဝင်တာက ၂ သောင်းခွဲပဲ။ ရေခဲရိုက်ထားတဲ့ဟာတွေ၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ဟာတွေပေါ့။ ကျနော်တို့ ကြက်ခြံတွေက နေကျ ကြက်သားဈေးက ၄ သောင်းဆိုတော့ ဈေးကအများကြီးကွာနေတာ။ တရုတ်ကလာတဲ့ ကုန်တွေက တော့ မတက်ဘူးပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများ အကြား စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို နှစ်ဖက်တပ်များက အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုထားပြီး ကုန်ကားကြီးများမှာမူ လမ်းခရီးအဆင်မပြေမှုကြောင့် ဂိတ်များတွင် ပိတ်မိနေခြင်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်မှ တစ်ဆင့် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်းသက်သာ သော်လည်း မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတားရှိ မိုင်းနားဂိတ်တွင် ကုန်ကားများ မကြာခဏ ပိတ်ဆို့ စစ်ဆေးခံရခြင်းကြောင့် မြို့တွင်း၌ ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုကို ပိုမိုဆိုးရွားစေကြောင်း ဒေသခံ များက ထောက်ပြကြသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့၌ ငွေတိုးဆန်တစ်အိတ်လျှင် ကျပ် ၈ သောင်းမှ ၁ သိန်းအထိ ဈေးတက်သွားသည့် အပြင် အခြေခံဆေးဝါးများနှင့် အခြားစားသောက်ကုန်များလည်း ပြတ်လပ်လာနေသည်။

လမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ ခရီးသွားကား မောင်းသူတစ်ဦးက “လမ်းကတော့ ဒီလိုပဲ ပိတ်ထားသေး တယ်။ ခရီးသွားကားလေးတွေကတော့ ကွင်းလမ်းတွေကနေသွားလို့ရနေသေးတယ်။ ၄ - ၅ ရက်တော့ ကြာတယ်။ အခုက နေရာတကာကိုပိတ်ထားသေးတယ်” ဟု ပြောသည်။

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းရှိ ကိုးပင်ဂိတ်နှင့် ကျောက်တန်းဂိတ်တို့တွင် စစ်ကော်မရှင်တပ်က အထိုင်ချထား ပြီး၊ ခင်ဦးလမ်းဆုံအကျော် ကုက္ကိုကုန်းဂိတ်တွင်မူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးတပ်များ၊ အာရက္ခတပ်တော် AA နှင့် နယ်မြေခံ ပကဖ ပူးပေါင်းတပ်များက နေရာယူထားကာ စစ်ရေးအခြေအနေပေါ်မူတည်၍ ခရီးသွားလာခွင့်ကို စိစစ်ခွင့်ပြုနေခြင်းဖြစ်သည်။

အမှတ် (၁) စစ်ဒေသ၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကန့်ဘလူနှင့် ကောလင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ် စခန်းအချို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယ အပတ်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ လမ်းကြောင်းများ ပြန်လည်ပွင့်လစ်ရန်မှာမူ ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...