တော်လှန်ရေးအရွေ့အားကောင်းလာရန် ကရင်နှင့် ကရင်နီလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်

တော်လှန်ရေးအရွေ့အားကောင်းလာရန် ကရင်နှင့် ကရင်နီလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်

တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့် ကရင်နီပြည်နယ်ရှိ ကရင်နီလူငယ်များ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် တွေ့ဆုံနှီးနှောဖလှယ်ခဲ့ကြသည်။

ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၊ လူငယ်ရေးရာဌာန IEC (DOYA) လူငယ်များ ပါဝင်သည့် အဆိုပါ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲမှတစ်ဆင့် ကရင်နှင့် ကရင်နီလူငယ်များအကြား ရင်းနှီးမှု ပိုမိုခိုင်မာစေပြီး လက်ရှိတော်လှန်ရေးကာလအတွင်း ကဏ္ဍအသီးသီးမှ ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်သည်ဟု တွေ့ဆုံပွဲကို ကမကထပြုသည့် KYO က ပြောသည်။

KYO ဗဟို တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်သူ စောအယ်ထီးကော်က “ကျနော်တို့ကြားမှာ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်မှုတွေ၊ ရင်းနှီးမှုတွေ၊ ယုံကြည်မှုတွေ ပိုပြီးအားကောင်းအောင် တည်ဆောက်ဖို့လိုတဲ့ အချိန်ကာလဖြစ်တဲ့အတွက် ဒါတွေဟာ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်ရမယ့်အရာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်မှုတွင် အဖွဲ့အစည်းတစ်ခုချင်းစီက ၎င်းတို့၏ အဖွဲ့အစည်းဆောင်ရွက်လှုပ်ရှားမှုများကို နှီးနှောဖလှယ်ခဲ့ကြသလို လူငယ်ချစ်ကြည်ရေး ဘောလုံးအားကစားပွဲ အစီအစဉ်များလည်း ပြုလုပ်ခဲ့ကြသည်။

“တိုင်းပြည်အခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ လူငယ်ကြားမှာ အခြေအနေဟလို့မရဘူး။ ပုံမှန်ဆက်သွယ်ဆက်ဆံမှု ရှိရမယ်။ ဒီကနေတူညီတဲ့ လုပ်ငန်းစဉ်တချို့တွေကို တူတူပေါင်းလုပ်နိုင်ဖို့အတွက် လမ်းစဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု IEC ၏ လူငယ်ရေးရာဌာန၊ ဌာနမှူး ခွန်းသောမတ်(စ်) က ပြောသည်။

ကော်သူးလေနှင့် ကရင်နီဒေသသည် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း တော်လှန်ရေးကာလအတွင်း လူငယ်ချင်း တွေ့ဆုံနိုင်ရန် အားနည်းခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယခုလို ပထမအကြိမ် ပြန်လည်တွေ့ဆုံလာနိုင်ကြခြင်းလည်း ဖြစ်သည်ဟု ခွန်းသောမတ်စ်က ဖြည့်စွက်ပြောသည်။

လူငယ်နှီးနှောဖလှယ်ပွဲတွင် KNU ဗဟိုခေါင်းဆောင်များ၊ KYO ၏ ဗဟိုနှင့် ခရိုင်အဆင့် တာဝန်ရှိ လူငယ်ခေါင်းဆောင်များ၊ ထီးထာစွေး ကရင်လူငယ် နှင့် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၊ လူငယ်ရေးရာဌာန IEC (DOYA) လူငယ်များ စုစုပေါင်း (၁၀၀) နီးပါး ပါဝင်တွေ့ဆုံခဲ့ကြသည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...