ဇိုမီးအမျိုးသားနေ့၊ ခွာဒိုပွဲအစရှိသော နေ့ထူးနေ့မြတ်များအား ကျင်းပနိုင်ရေးနှင့် စာပေ၊ ယဉ်ကျေးမှုနှင့် အခြား ဇိုမီးအမျိုးသားအဖွဲ့အစည်းများ၏ ရုံးခန်းနေရာများအတွက် အစိုးရအသိအမှတ်ပြု ဇိုမီးလူထုစင်တာတခုအား ရန်ကုန်မြို့တွင် တည်ဆောက်ရန် ဖေဖော်ဝါရီလ ၁၈ - ၁၉ ရက်နေ့က မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဇိုမီးငြိမ်းချမ်းရေး ညီလာခံမှာ သဘောတူညီခဲ့ကြတယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့မှာ တည်ဆောက်မယ့် ဇိုမီးလူထုစင်တာအတွက် နိုင်ငံတကာ ဇိုမီးငြိမ်းချမ်းရေး ညီလာခံသို့ ပါဝင်တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ သဘောတူညီချက်ဖြင့် မတည်ငွေ ထည့်ဝင်ကြရာတွင် ၁၄၃,၀၂၃,၃၀၀ကျပ် (စာဖြင့် - သိန်းတထောင့်လေးရာသုံးဆယ်နှစ်သောင်းသုံးထောင်သုံးရာ ကျပ်တိတိ)အား လက်ခံရခဲ့ကာ ရှေ့ဆက်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဇိုမီးလူငယ်အသင်းရုံးချုပ်(ZYA) အား တာဝန်နှင်းအပ်လိုက်တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
ဇိုမီးလူမျိုးများနေထိုင်ရာဒေသများတွင် အစိုးရအသိမှတ်ပြုဇိုမီးစာပေသင်ကြားနိုင်ရန်အခွင့်ကြုံလာသည့်အခါ အစိုးရကျောင်းများအပြင် ဘာသာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်ပါ ဇိုမီးစာပေအားသင်ကြားနိုင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးမှ သဘောတူညီခဲ့ကြပြီး လိုအပ်သော သင်ရိုးညွှန်းတမ်းများအား ပြုစုရာတွင် ဇိုမီးယဉ်ကျေးမှုနှင့်စာပေအသင်း (ZCLS)မှ ပြုစုထားသော Zolai Tonggualh အား စံအနေဖြင့် ထားကာ ပြုစုသင်ကြားကြရန် သဘောတူညီကြတယ်လို့လည်း သိရပါတယ်။
ဇိုမီးတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဆိုင်ရာမှတ်တမ်းမှတ်ရာများ သတင်းအချက်အလက်များ ပြုစုထိန်းသိမ်းနိုင်ရန် မှတ်တမ်းနှင့် သုတေသနလုပ်ငန်း ကိုလည်း ဆောင်ရွက်ရန်လည်း ယခုညီလာခံမှ သဘောတူညီကြပြီး ကူးစက်နိုင်သောရောဂါအမျိုးမျိုးတို့နှင့် ကာယ-စိတ္တယိုယွင်းစေနိုင်သည့် ရောဂါများ လူထုကြားမှပျောက်ကွယ်သွားနိုင်ရန် နှင့် လိုအပ်သော ကာကွယ်ကုသရေးနှင့် လိုအပ်သော အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုများ ဆက်လက် အကောင်အထည်ဖော်သွားရန်လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇိုမီးလူထု၊ မိသားစုများနှင့် တစ်မျိုးသားလုံး၏ တိုးတက်ရေးနှင့် အနာဂတ်ရှေ့ရေးအား နှောင့်နှေးစေနိုင်သည့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အရာမှန်သမျှနှင့် ဘိန်းနှင့်ပတ်သက်သောစိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု ကျူးလွန်သူ မှန်သမျှကို ပြင်းထန်စွာ ရှုံ့ချကာ အမြင့်ဆုံးသောတားဆီးပိတ်ပင်မှုအား ပြုလုပ်ကြောင်းနဲ့ နှစ်စဉ်ဖေဖော်ဝါရီလ၏ ဒုတိယပတ် တနင်္ဂနွေနေ့အား ဇိုမီးတစ်မျိုးသားလုံး၏ ဆုတောင်းရာနေ့ အဖြစ် သဘောတူ သတ်မှတ်လိုက်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာတွေ့ရပါတယ်။
နောက်ပြီး ဇိုမီးအမျိုးသားများအကြား ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းလာနိုင်စေရန်ရည်ရွယ်ကာ လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များအား အစိုးရအသိမှတ်ပြု လုပ်ငန်းစဉ်များ ဖြစ်လာသည်အထိ ဆက်လက်လုပ်ဆောင်သွားကြမည် ဖြစ်သည့်အပြင် ဇိုမီးအဖွဲ့အစည်းများထဲမှ ယခုညီလာခံသို့ တက်ရောက်နိုင်သည်ဖြစ်စေ မတက်ရောက်နိုင်သည်ဖြစ်စေ ၎င်းတို့အပေါ် ကျောသားရင်သား မခွဲခြားပဲ အမျိုးသားငြိမ်းချမ်းရေးအတွက် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားတာတွေ့ရပါတယ်။
ဇိုမီးအမျိုးသားတစ်ရပ်လုံး၏ ရှေ့ရေးအနာဂတ်အတွက် ရှေးရှုလျက် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်မှ ၁၉ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နိုင်ငံတကာ ဇိုမီးငြိမ်းချမ်းရေး ညီလာခံအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပြီး ငြိမ်းချမ်းရေး ညီလာခံတွင် ကမ္ဘာ့နေရာအသီးသီးရှိ ဇိုမီးအမျိုးသား ဘာသာရေး၊ နိုင်ငံရေးနှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။







