ခိုင်လူလှ (ရိုးမမြေ) — မြန်မာနိုင်ငံ ရခိုင်ပြည်ဘက်သို့ ဘိလပ်မြေ ၁၀၀၀ ကျော်ကို ရေကြောင်းကနေ မှောင်ခိုတင်ပို့သူ ၁၉ ဦးကို စက်လှေ နှစ်စီးနှင့်အတူ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးလိုက်သည် ဒေသတွင်း မီဒီယာများတွင် သတင်းဖော်ပြသည်။
ကြာသပတေးနေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘော 'Pratyasha' သည် ပင်လယ်ရေနက်ပိုင်းတွင် အထူးစစ်ဆင်ရေးကို ပြုလုပ်ခဲ့စဉ်လူ ၁၉ ဦးနှင့်အတူဘိလပ်မြေ၁၁၄၀၊ ပဲနှင့် ကုလားပဲ ၂၅၀ ကီလိုဂရမ်၊ ဂျင်း ၁၆၀ ကီလိုဂရမ်နှင့် အားဖြည့်အချိုရည်ပုလင်း ၃၆၀ ပုလင်းတို့ကို
စက်လှေ ၂ စီးပေါ်က ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
“ ဘင်္ဂလားဒေ့ရှ်ရေတပ်က စိန့်မာတင်ကျွန်းနဲ့ကပ်လျက် ဘင်္ဂလားပင်လယ်အော်မှာပြုလုပ်ခဲ့တဲ့ စီးနင်းမှုတစ်ခုအတွင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ဘက်ကိုစက်လှေနှစ်စင်းနဲ့အတူ တရားမဝင် ဘိလပ်မြေအိတ်တွေနဲ့စားသုံးကုန်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ စက်လှေ နှစ်စီးပေါ်ပါလာသူ ၁၉ ဦး ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်”ဟု ဘင်္ဂလာအာဏာပိုင်များက ပြောဆိုသည်
ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘော 'Pratyasha' သည် ပင်လယ်ရေနက်ပိုင်းတွင် ဤအထူးစစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ရေတပ်သတင်းရင်းမြစ်များ၏ အဆိုအရ စိန့်မာတင်နှင့် အနီးတစ်ဝိုက်ဒေသများတွင် ကင်းလှည့်မှုများကို တိုးမြှင့်ခဲ့ပြီး ပင်လယ်မှတစ်ဆင့် အကောက်ခွန်ရှောင်တိမ်းခြင်းဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ ခိုးသွင်းနေသည်ဟူသော လျှို့ဝှက်သတင်းများကြောင့် စစ်ဆင်ရေး ပြုလုပ်နေစဉ်စိန့်မာတင်ကျွန်းမီးပြတိုက်မှ မိုင် ၃၈ အကွာတွင် သံသယဖြစ်ဖွယ် လှေနှစ်စင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
လှေနှစ်စင်းကို ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း ၎င်းတို့သည် ထွက်ပြေးရန် ကြိုးစားခဲ့ကြပြီးနောက်လိုက်လံဖမ်းဆီးရာ နောက်ပိုင်းတွင် 'FB Border' နှင့် 'FB Suravi' အမည်ရှိ လှေနှစ်စင်းကို လိုက်လံဖမ်းဆီးခဲ့သည်ဟုသတင်းတွင် ဖော်ပြသည်။
ရှာဖွေမှုအတွင်း လှေနှစ်စင်းမှ ဘိလပ်မြေအိတ် ၁၁၄၀၊ ပဲနှင့် ကုလားပဲ ၂၅၀ ကီလိုဂရမ်၊ ဂျင်း ၁၆၀ ကီလိုဂရမ်နှင့် အားဖြည့်အချိုရည်ပုလင်း ၃၆၀ ပုလင်းကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
သိမ်းဆည်းရမိပစ္စည်းများနှင့် ထိန်းသိမ်းခံထားရသူများကို ဥပဒေအရ ဆက်လက်အရေးယူရန်အတွက် ရေတပ်၏ ရှေ့တန်းအခြေစိုက်စခန်း St. Martin သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အလားတူဖေဖော်ဝါရီ၁၇ ရက်နေ့ကလည်း ရခိုင်ဘက်သို့ မှောင်ခိုတင်ပို့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးကို ဘိလပ်မြေအိတ် ၇၄၀ အိတ်၊ ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ ဘင်္ဂလားရေတပ်က ဖမ်းဆီးခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ (၃) ရက်အတွင်း ဘိလပ်မြေအိတ် ၁၈၈၀နှင့်အတူ ဖမ်းဆီးခံရသူ ၃၀ ဦးအထိ အဖမ်းခံခဲ့ကြရသည်။







