ချင်းလဲန်ပြည်သူများအနေဖြင့် ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ အနှစ်သာရဖြစ်တဲ့ “ ချင်းတမျိုးသားလုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာချင်းဖန်တီးရမည်” ဟူသည့်အချက်ကို နှလုံးသွင်းပြီး (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို အနှစ်သာရရှိရှိဖြင့် ကျင်းပကြရန် တိုက်တွန်းတယ်လို့ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သည့် ၇၈ နှစ်မြောက်ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး( CNF) က ထုတ်ပြန်ပါတယ်။
လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တို့ကြောင့် (၇၈) နှစ်တိုင်တိုင် ချင်းလူမျိုးတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ယနေ့အချိန်ထိ အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်သေးဘူးလို့ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး ( CNF) က ထုတ်ပြန်ပါတယ်။
ယနေ့ကျရောက်သော ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့မှ အမျိုးသားတရပ်အဖြစ် စုစည်းမှုကို ထုတ်ဖော်ပြသပြီး နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အပါအဝင် မျိုးနွယ်စု အကြီးအကဲများရဲ့ မိမိမျိုးနွယ်စုနှင့် ဒေသအလိုက် ကျင့်သုံးခဲ့တဲ့ အမွေဆက်ခံအုပ်ချုပ်ရေးစနစ်ဟောင်းကို စွန့်ပယ်ပြီး ချင်းအမျိုးသားအားလုံး ကိုယ်ပိုင်စုပေါင်း အုပ်ချုပ်ရေးဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးရန်အတွက် သမိုင်းဝင် နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ ၇၈ နှစ်ပြည့် ချင်းအမျိုးသားနေ့ဖြစ်တယ်လို့လည်း CNF ကဖော်ပြထားပါတယ်။
အောက်ချင်းဌက်ကို သင်္ကေတပြုပြီး သစ္စာတရားကို လက်ကိုင်ထားတဲ့ ချင်းလူမျိုး ဘိုးဘွားတွေ မျှော်မှန်းထားတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ချင်းလဲန်တည်ဆောက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာခဲ့ကြပြီး ယခုကာလသည်လည်း ချင်းလဲန်ပြည်သူတရပ်လုံး စုပေါင်းပါဝင်မှုဖြင့် ပြည်သူ့ တော်လှန်ရေးကြီး ဆင်နွှဲနေသည့်ကာလဖြစ်ပြီး ချင်းတမျိုးသားလုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာချင်းဖန်တီးရမည် ဟူသည့်အချက်ကို နှလုံးသွင်းပြီး ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို အနှစ်သာရရှိရှိဖြင့် ကျင်းပကြရန်လည်း ချင်းအမျိုးသားတပ်ဦး ( CNF) က တိုက်တွန်းထားပါတယ်။
၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်၊ ခန္ဓာ နှင့် ဘဝပေးလှူသွားကြတဲ့ ရဲဘော်ရဲမေ အားလုံးကို အောက်မေ့ အမှတ်ရပြီး လေးစားဂုဏ်ပြုကြောင်းနဲ့ စစ်အုပ်စုကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးကြရတဲ့ မိဘပြည်သူအပေါင်းနှင့် ထပ်တူထပ်မျှ နာကြည်းခံစားရကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းလဲန်တည်ဆောက်ရေးနဲ့ ချင်းလဲန်နယ်နိမိတ် စုစည်းကာကွယ်ရေးအတွက် ချင်းလဲန်ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းအမျိုးသားတပ်ဦးက ဆိုပါတယ်။








