မဲခေါင်ဒေသတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရန် GMS Breath Council ကို ဖွဲ့စည်း

မဲခေါင်ဒေသတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရန် GMS Breath Council ကို ဖွဲ့စည်း

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ် ညမ်းမှုပြဿနာကို ပူးပေါင်းဖြေရှင်းရန်အတွက် Greater Mekong Subregion Breath Council (GMS Breath Council) ကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ GMS Breath Council ဖွဲ့စည်းရေးအတွက် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှား မှုကွန်ရက် (KESAN) ၏ ညွှန်ကြားရေးမှူးနှင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဥက္ကဋ္ဌ စောပေါလ်စိန်ထွားတို့သည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အတူ ဇန်နဝါရီလ ၂၀ ရက်နေ့က သဘောတူညီမှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ယခု ဖွဲ့စည်းလိုက်သည့် ကောင်စီသည် နိုင်ငံဖြတ်ကျော် အရပ်ဖက်လူမှုအဖွဲ့အစည်း စင်္ကြံတစ်ခု ဖြစ်လာမည်ဖြစ်သည်။ မဲခေါင်ဒေသအတွင်းရှိ လူထုအခြေပြုအဖွဲ့အစည်းများကို ချိတ်ဆက်ပေးခြင်းဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

KESAN ညွှန်ကြားရေးမှူး စောပေါလ်စိန်ထွားက “ ဒီသဘောတူညီမှုက အလွန်အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်။ PM 2.5 က နိုင်ငံတစ်ခုတည်းရဲ့ ပြဿနာမဟုတ်တော့ဘူး။ နိုင်ငံဖြတ် ကျော်ဖြစ်ပွားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒေသန္တရအသီးသီးရဲ့ ပါဝင်မှုကို လိုအပ်တယ်။ ကျနော်တို့ အခုလုပ်မှရမယ်။ အစိုးရတွေ လုပ်ပေးမဲ့အချိန်ကို စောင့်လို့မရဘူး” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

GMS Breath Council အနေဖြင့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများကို ချိတ်ဆက်လမ်းညွှန်ပေးရန်၊ Twin-city collaboration မှတစ်ဆင့် မီးခိုးမြူ ငွေ့လျှော့ချရေးစီမံကိန်းများ ရေးဆွဲရန်နှင့် တောမီးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာနှင့် အချက်အလက်များကို အပြန်အလှန် ဖလှယ်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံအသီးသီးရှိ အစိုးရဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပညာရေးကဏ္ဍများပါ ပါဝင်နိုင်သည့် အခင်းအကျင်းတစ်ခုကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကောင်စီ၏ လုပ်ငန်းပံ့ပိုးရေးအဖွဲ့ (Secretariat) များသည် လုပ်ငန်းညှိနှိုင်းဆောင်ရွက်မှု ယန္တရား များကို ရေးဆွဲသွားမည်ဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပမည့် GMS Breath Council ကွန်ဂရက်တွင် ပူးတွဲလုပ်ငန်းအစီအစဉ်များကို အတည်ပြုချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်မှတ်ရေးထိုးခဲ့သည့် MOU သည် ၂ နှစ်သက်တမ်းရှိပြီး အဖွဲ့ဝင်များ၏ ကန့်ကွက်မှုမရှိပါက ၂ နှစ် တစ်ကြိမ် သက်တမ်းတိုးမြှင့်သွားမည့် ပုံစံမျိုးဖြင့် ရေရှည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...