လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ စစ်ကော်မရှင် ပြော

လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ စစ်ကော်မရှင် ပြော

ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို မကြာခင်မှာပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့ နယ်မြေ လုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ပြောထားပါတယ်။

ဖားဆောင်းမြို့ထဲကို တပ်အင်အား ၂၀၀ ဝန်းကျင် ဖြည့်တင်းရောက်ရှိနေပေမယ့် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ဖို့က စစ်ရေးအခြေအနေပေါ်မှာမူတည်တယ်လို့ ကရင်နီပြည်ကြားကာကအုပ်ချုပ်ရေးကောင်စီ (IEC) ၊ အတွင်းရေးမှုး ( ၂ ) ဦးဗညားက တုံ့ပြန်ပါတယ်။

“ပြည်သူလူထုတွေ မရှိဘူး။ ဘယ်လိုလမ်းတွေ ပြန်ဖွင့်ပေးမလဲပေါ့။ သူတို့ ( စစ်ကော်မရှင် ) အလွန်ဆုံး သွားလို့ရမှာက ဖားဆောင်းနဲ့ ဘောလခဲ ကလွဲရင် အပေါ်ဘက်ကိုလည်း တက်လာလို့ မရဘူး။ စစ်ရေး အခြေအနေအရလည်း ဘယ်သူကမှ လမ်းကြောင်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတာ မရှိတဲ့ အတွက်ကြောင့်မို့ပါ။ ဒါကတော့ သူတို့ လုပ်ဆောင်မယ့် အရာကို လျာထားချက်ပဲ ဖြစ်တယ်။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ မြေပြင် ၊ အခြေအနေနဲ့ စစ်ရေး အခြေအနေပေါ်မှာ အများကြီး မူတည်ပါတယ်”လို့ ဦးဗညားက ပြောပါတယ်။

စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်ကစလို့ ဘောလခဲမြို့ကနေ ဖားဆောင်းမြို့နယ်ကို စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ထူးချောင်းအနီးတဝိုက်ကို နေရာယူထားနိုင်ခဲ့ပြီး ၇ လအကြာမှာ ( ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ) ဖားဆောင်းမြို့တွင်းကို ရောက်ရှိသွားပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကော်မရှင်က ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်တဲ့အတွက် ဆက်သွယ်ရေးပြည်ထောင်စုလမ်းမကြီးကို ဖွင့်လှစ်တော့မယ်လို့ ထုတ်ပြန်ထားတာပါ။

စစ်ကော်မရှင်တပ်က ဆက်သွယ်ရေးလမ်းမကြီးကို အလုံးစုံထိန်းချုပ်ထားနိုင်ခြင်း မရှိသေးသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပဲလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီးဘေးတလျှောက်က မြို့တွေ ၊ ရွာတွေမှာလည်း ပြည်သူလူထုတွေ နေထိုင်တာ မရှိသလို စစ်ရေးအခြေအနေအရလည်း ဖြတ်သန်းသွားလာလို့မရပါဘူး။

“စစ်ကောင်စီကတော့ ပြည်ထောင်စု လမ်းမကြီးတွေကို ပြန်လည် ထိန်းထားနိုင်ဖို့ သူ့ရဲ့ အာဏာ တည်မြဲဖို့ လုပ်တာပဲလေ။ ဆိုတော့ သူထိန်းထားတဲ့ လမ်းသွားရင်လည်း သူ့ရဲ့ စစ်ဆေးမှုတွေ သူ့ရဲ့ကန့်သတ်မှုတွေရှိမှာပဲ။ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး”လို့ ဘောလခဲ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်က လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ ဘောလခဲ ၊ ဖားဆောင်းမြို့နယ်တွေမှာ မြို့ပေါ်နေရာတချို့နဲ့ အခြေစိုက်တပ်စခန်းတွေကိုသာ ထိန်းချုပ်ထားနိုင်ပါတယ်။ ဖားဆောင်းမြို့ပေါ်က နောက်ဆုံးလက်ကျန် ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေစဉ်မှာပဲ စစ်ကော်မရှင်တပ်က အပြင်းထန်ထိုးစစ်ဆင်ပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

February 18, 2026
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်အတွင်းက ဖားဆောင်း သံလွင် မြစ်ကူး တံတား...
ပျက်စီးသွားတဲ့ ဖားဆောင်းတံတား နဲ့ ထူးချောင်းတံတားကို တွေ့ရစဉ်
February 17, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်တံတား ယခုရက်ပိုင်းအတွင်းမှာပဲ...
ဓါတ်ပုံ - Mg Bo (Facebook)
February 16, 2026
ကရင်နီပြည်က မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဟာ အ‌ရေပြားယားနာ အဖြစ်များနေကြပြီး...
February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...