BNRA နှင့် ပတ်သက်သည့် ကျူးလွန်မှုတိုင်ကြားချက်များကြောင့် "နောက်ဆုံးအဆင့် အရေးယူမှု" ပြုလုပ်ခြင်းဟု NUG ပြည်ထဲရေး ဒုဝန်ကြီး ပြော

BNRA နှင့် ပတ်သက်သည့် ကျူးလွန်မှုတိုင်ကြားချက်များကြောင့် "နောက်ဆုံးအဆင့် အရေးယူမှု" ပြုလုပ်ခြင်းဟု NUG ပြည်ထဲရေး ဒုဝန်ကြီး ပြော

မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များနှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တို့အကြား ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက ယခုဆောင်ရွက်ချက်သည် အဖွဲ့အစည်းအချင်းချင်း ပဋိပက္ခမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးသည့် “နောက်ဆုံးအဆင့် အရေးယူမှု” သာ ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

ဒုဝန်ကြီး ဦးကျော်နီ၏ ပြောကြားချက်အရ BNRA အဖွဲ့ဝင်အချို့သည် ၂၀၂၂ ခုနှစ်မှစတင်၍ ပြည်သူလူထုအပေါ် ကျူးလွန်မှုများ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် NUG ၏ အုပ်ချုပ်ရေးယန္တရားအတွင်းရှိသူများပါ ကျူးလွန်ခံရသည့် တိုင်ကြားမှုများ ရှိလာခဲ့ကြောင်း သူက ဆိုသည်။

၎င်းတို့ ကျူးလွန်ခဲ့သည့် အမှုများထဲတွင် သာမန်အရပ်သားနှင့် ပြည်သူ့ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် မုဒိမ်းမှုများအထိ ပါဝင်နေပြီး အမှုတွဲအမြောက်အမြား ရှိနေကြောင်း ဦးကျော်နီက ဆိုသည်။

“ကျွန်တော်တို့ ပြည်ထဲရေးအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် အရေးယူဖို့ ဆောင်ရွက်တဲ့အခါမှာ ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဆောင်ရွက်ရတာပါ။ ကြာပါပြီ ကာကွယ်ရေးဘက်ကို တရားခံတွေဖမ်းပေးဖို့ ကျွန်တော်တို့ အကူအညီတောင်းထားတာကြာပြီ။ အခုဟာက နောက်ဆုံးအဆင့် အရေးယူရတဲ့ အဆင့်ထိရောက်သွားတာပေါ့” ဟု ဒုဝန်ကြီးက ဆိုသည်။

ဖေဖော်ဝါရီ ၁၇ နံနက် ၇ နာရီခွဲခန့်တွင် ပုလဲမြို့နယ်ရှိ BNRA ဂိတ်စခန်းများကို NUG လက်အောက်ခံ MOD တပ်ရင်းများက လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BNRA ခေါင်းဆောင် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ပြောဆိုထားသည်။ 

တိုက်ပွဲများသည် BNRA လှုပ်ရှားရာ ချင်ပြစ်ကျေးရွာနှင့် ပုပ္ပါကျေးရွာအနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခု လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဒုဝန်ကြီးဦးကျော်နီက “အသေးစိတ်အခြေအနေတွေတော့ မသိသေးပါဘူး။ ဆောင်ရွက်ဆဲ ဖြစ်နေတဲ့အတွက်ပါ”ဟု ဆိုသည်။

BNRA ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ပုလဲနယ်အတွင်း လက်နက်အပ်နှံရေး ညှိနှိုင်းစဉ် နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး NUG ဘက်မှ ရဲဘော်တဦး သေဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ယခုပစ်ခတ်မှုများကြောင့် ပုလဲနယ်အတွင်းရှိ ချင်ပြစ်၊ ကြာစီ၊ ပုပ္ပါ နှင့် မောင်းတုံ ကျေးရွာများမှ ဒေသခံများသည် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရပြီ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

ဓာတ်ပုံ - NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့်အတူတွေ့ရသည့် ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီ (မျက်မှန်ဖြင့်) ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များနှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တို့အကြား ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ 

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...