စံပြရွာတွင် စစ်ကော်မရှင်စစ်ကြောင်းက ဒေသခံများ၏ ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူဆောင်

စံပြရွာတွင် စစ်ကော်မရှင်စစ်ကြောင်းက ဒေသခံများ၏ ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူဆောင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြရွာတွင် စစ်ကြောင်းဝင်ရောက်လာသည့် စစ်ကော်မရှင်အဖွဲ့မှ ဒေသခံများ၏ ဖုန်းနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခဲ့ကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သူများမှ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က မော့ကနင် အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ စစ်ကြောင်းအဖွဲ့များ စံပြကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ‌‌ရွာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ရွာအဝင်လမ်းတစ်လျှောက်ရှိ ဖုန်းဆိုင်၊ ငွေသွင်းငွေထုတ်ဆိုင်၊ လူနေအိမ်အပြင် လမ်းသွားလမ်းလာ ဒေသခံများ၏ ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများ အဆိုပါ စစ်ကြောင်းအဖွဲ့ထံ ပါသွားကြောင်း စစ်ကော်မရှင်အဖွဲ့နှင့် နီးစပ်သူ ရေးဒေသခံတစ်ဦးက ပြောသည်။

“ရွာသားတွေကလည်း မပြောရဲကြဘူးလေ၊ ကြောက်နေကြတာ၊ ရွာထဲဝင်လာပြီး တွေ့သမျှအကုန် ယူတယ်။ ရွာလူကြီးကလည်း ဘယ်လိုပြောပြော ပြောလို့ကိုမရဘူး။ အစက သူတို့အဲ့ရွာမှာ အိပ်ဖို့ပဲ၊ သူတို့ အချင်းချင်း စကားများကြပြီး ပြဿနာတက်ပြီး ၆ နာရီလောက်ပြန်ထွက်သွားကြတယ်”ဟု  ပြောသည်။

အဆိုပါ ခလရ ၁၀၆ တပ်ရင်းမှ တပ်သားများသည် စံပြကျေးရွာအတွင်းသို့ မကြာခဏ ဝင်ရောက်လေ့ရှိသည့်အပြင် ဒေသခံများကို ခြိမ်းခြောက်‌ပြောဆိုမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့်အပတ်က စံပြကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များမှ ဝင်ရောက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သဖြင့် စစ်ကော်မရှင်တပ်တို့ ကျေးရွာအတွင်း ဝင်ရောက်ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ မတိုင်မီရက်ပိုင်းကလည်း ကနင်ကမော့ကျေးရွာဘုန်းကြီးကျောင်းအတွင်းသို့ အဆိုပါစစ်ကော်မရှင်အဖွဲ့များ ဝင်ရောက်လာပြီး ဆရာတော်နှင့် ကျောင်းအတွင်းရှိ ဒေသခံအချို့၏  ငွေကြေးနှင့် ဖုန်းများ အဓမ္မယူဆောင်သွားခဲ့သေးသည်။

“အဲ့တုန်းကလည်း ၁၀၆ တပ်ရင်းကပဲ။ သူတို့က အတော်ကို ဆိုးတာ၊ ဘုန်းကြီးပိုက်ဆံတွေပါယူတယ်။ ပြီးတော့ ဦးဇင်းတူမလေးဆီကဆို ပိုက်ဆံ ၄ သိန်းယူသွားတယ်။ အခြားသူတွေဆို ဖုန်းတို့ဘာတို့ အကုန်ယူတယ်”ဟု အထက်ပါသူက ဆက်ပြောသည်။

စံပြကျေးရွာအနီး အထိုင်ချထားသည့် စခန်းကုန်းသည် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီး စိုးမိုးနိုင်ရေးအတွက် စစ်ရေးအရ အရေးပါသောနေရာ ဖြစ်သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိသည်။

နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့် အဆိုပါဒေသဘက်မှ ဒေသခံရာနှစ်ချီတို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။

July 10, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူးနှင့် မင်းလက်ပံဒေသကို ထိန်းချုပ်နိုင်ပါက...
IMNA Data Visualisation
July 10, 2026
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများ...
July 8, 2026
မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ...
July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...