ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ ယမန်နေ့တစ်ညတည်းတွင် တပြိုင်တည်းဗုံးကြဲခံရ၍ သုံးလသားအရွယ်ကလေးငယ်အပါအဝင် အရပ်သား ခုနစ်ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိသွားသည်ဟု ထိခိုက်သေဆုံးသူများ၏အသေးစိတ်အချက်အလက်များနှင့်တကွ အာရက္ခတပ်တော်(AA)က ယနေ့ ထုတ်ပြန်သည်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး) အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သော ယမန်နေ့ ဖေဖော်ဝါရီလ (၁၂) ရက်၊ ည (၉) နာရီ (၁၁) မိနစ်ခန့်တွင် စစ်ကော်မရှင်လေတပ်၏ ဂျက်တိုက်လေယာဉ်က ပေါင် (၅၀၀)ဗုံး နှစ်လုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလေးဦး သေဆုံးခဲ့ပြီး နောက်ထပ်ကိုးဦး ပြင်းထန်နှင့် အလတ်စားဒဏ်ရာများ ရရှိခဲ့သည်ဟု AA ၏ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသွားသူများမှာ ပိုက်သည်ရပ်ကွက်မှ ကိုဦးဆန်းဝင်း (၂၃)နှစ်၊ ဒေါ်မစောလှ (၆၁)နှစ်၊ ဦးညီချေ (၃၁)နှစ်နှင့် ဒေါ်အေးနု (၅၃)နှစ်တို့ဖြစ်သည်။
ဒဏ်ရာရသွားသူများမှာ ပိုက်သည်ရပ်ကွက်မှ မဖြူဆန်းဝေ(ခေါ်) မချေ (၂၃)နှစ်၊ ဦးလှသာမောင် (၆၅)နှစ်၊ မလှသန်းဌေး (၂၉)နှစ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာမှ မဝိုင်းသူဇာလွင် (၂၄)နှစ်၊ မစိုးလင်းဝတီမောင် (၁ဝ)နှစ်၊ မဖြူဖြူလှိုင် (၂ဝ)နှစ်၊ မပုပုလှိုင် (၁၆)နှစ်၊ မောင်တောမြို့နယ်၊ သရီကုန်ဘောင်ကျေးရွာမှ ဦးနိုင်နိုင် (၃၂)နှစ်နှင့် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာမှ ဒေါ်ဝင်းစိန်ဖြူ (၅ဝ)နှစ်တို့ဖြစ်သည်။
ကျောက်တော်မြို့နယ်၊ ပိုက်သည်ရပ်ကွက်မှ မဝိုင်းချစ်က "အဲဒီအချိန်မှာ ကိုယ့်ကို အသက်မရှင်တော့ဘူး၊ သေပြီလို့ပဲ တွေးထားလိုက်တယ်။ ကြောက်လည်း တအားကြောက်သွားတယ်။ မိသားစုနဲ့ သားသမီးတွေကိုလည်း စိုးရိမ်နေရတယ်။ ပြည်သူတွေ ဘာမှမလုပ်ကြဘဲနဲ့ သေသွားတဲ့လူတွေအားလုံးက အပြစ်မဲ့တဲ့ပြည်သူတွေချည်းပဲဖြစ်နေတယ်။ ဘယ်နေ့၊ ဘယ်အချိန်ဗုံးလာချမလဲဆိုတာကိုပဲ တွေးပြီးတော့ ကြောက်နေရတယ်။ အမြဲတမ်း စိုးရိမ်စိတ်နဲ့ နေ, နေရတယ်"ဟု နိရဉ္စရာကို ပြောသည်။
အလားတူ စစ်ကော်မရှင်တပ်သည် ယမန်နေ့ ည (၉) နာရီ (၂၀)မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာသို့ လေကြောင်းမှ ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ဦးစလုံးပါ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်ဟု ဖော်ပြထားသည်။
သေဆုံးခဲ့ရသူများမှာ မောင်အောင်လင်းဟိန်း (၂)လ၊ ဖခင်ဖြစ်သူ ဦးအောင်လင်းစိုး (၂၈)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်သန္တာစိုး (၂၅)နှစ်ဖြစ်သည်။
သူတို့မိသားစုသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှဖြစ်ကြသည်ဟု သိရသည်။
ထို့အပြင် အပြစ်မဲ့ ပြည်သူခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။
ဒဏ်ရာရသွားသူများမှာ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်မှ မောင်ပြည့်စုံဖြိုး (၂၈)နှစ်၊ မခင်ပပဝင်း (၂၀)နှစ်၊ မနှင်းအေးဝေ (၂၃)နှစ်၊ မောင်မျိုးမြင့်အောင် (၂၅)နှစ်၊ ဒေါ်မအောင်စိန် (၆၀)နှစ်၊ မောင်မြတ်လင်း (၂၀)နှစ်နှင့် မမေသူဝင်း (၂၃)နှစ် တို့ဖြစ်ကြသည်။
ကျောက်တော်မြို့နယ်၊ ပိုက်သည်ရပ်ကွက်မှ ကိုလပြည့်ကျော်က "စစ်ကောင်စီက အရပ်သားတွေချည်းပဲ ပစ်မှတ်ထားနေတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ပဲ သတိနဲ့နေပါစေ။ သူတို့က ပြည်သူတွေ အိပ်မောကျနေတဲ့အချိန်၊ သတိလွတ်နေတဲ့အချိန်တွေမှာ အခုလို ပြည်သူတွေကို သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်နေတာပါ။ သူတို့ရည်ရွယ်ချက်က အဲလိုပုံစံပါပဲ" ဟု နိရဉ္စရာကို ပြောသည်။
စစ်ကော်မရှင်တပ်သည် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင်လည်း သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်အား ဖက်ဆစ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်ကိုးလုံး ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း ရခိုင်ပြည်အား ဂျက်တိုက်လေယာဉ် နှစ်စီး(နှစ်စီးအထက်)နှင့် ကင်းထောက်လေယာဉ်များကို တစ်ပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း၊ ရေကြောင်းရန်များကို ပိုမို သတိရှိကြရန် AA က ထပ်မံအသိပေးထားသည်။
စစ်ကော်မရှင်သည် ရခိုင်ပြည်အတွင်းနှင့် ပြည်မဘက်တို့တွင် AA နှင့်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း ရှုံးနိမ့်နေမှုများကြောင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ - (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သော ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညက စစ်ကော်မရှင်လေတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ နေအိမ်များအား တွေ့ရစဉ်။







