ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဟု အမျိုးသမီးအဖွဲ့ချုပ် ပြော

ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဟု အမျိုးသမီးအဖွဲ့ချုပ် ပြော

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး လိုက်ခြင်းသာ ဖြစ်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က သတိပေးလိုက်သည်။

စစ်ကော်မရှင်က ၎င်းတို့ကိုယ်တိုင် တရားဝင်မှုရရှိရန် ကြိုးပမ်းမှုဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စစ်ရေးထိုးစစ်များ၊ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ရန် အခွင့်အရေး ဖန်တီးပေးခြင်း သာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

WLB က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် ‘၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း’ အစီရင်ခံစာအရ စစ်ကော်မရှင်သည် ၎င်းတို့ အာဏာတည်မြဲရေး အတွက် ရွေးကောက်ပွဲကို အသုံးချနေခြင်းဖြစ်ကြောင်း ဆိုသည်။

WLB ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မမိငယ်က “အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အရင်က ထက် ပိုမိုဖမ်းဆီးတာ ကျမတို့ ကြုံတွေ့ရတယ်။ လုံခြုံရေးက ပိုမိုခက်ခဲလာတယ်။ လမ်းတွေမှာ စစ်ဆေးရေး ဂိတ်တွေ ထားပြီးမှ အဆမတန်တွေ့တာ အကုန်လုံး ပေါ်တာဆွဲပေါ့နော်။ ဒီလိုပဲ အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ် သတ်ဖြတ်တယ်။ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ စစ်တပ်က ဆက်လက်ပြီးမှ ကျူးလွန်နေတာ တွေ့ရတယ်” ဟု ပြောသည်။

အစီရင်ခံစာ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း လိင်နှင့်ဂျင်ဒါအခြေပြု အကြမ်းဖက်မှုပေါင်း ၂၀၉ မှု ဖြစ်ပွားခဲ့ ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီး ၁,၂၁၂ ဦးအထိ ရှိခဲ့သည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်တို့တွင် စစ်ကော်မရှင်တပ်သည် မုဒိမ်းကျင့်မှုကို စစ်လက်နက်သဖွယ် ဗျူဟာကျကျ အသုံးပြုနေကြောင်း မမိငယ်က ထောက်ပြသည်။

“မုဒိမ်းကျင့်မှုကို လက်နက်သဖွယ် အသုံးပြုတာကို ဗျူဟာကျကျ ပေါ့နော်။ ပြည်သူလူထုက မတုံ့ပြန်နိုင် အောင် အကြောက်တရားနဲ့ အရှက်တရားကို အသုံးချပြီးမှ ပြုလုပ်နေတာ ကျမတို့ တွေ့ရတယ်။ အမျိုးသား ဆိုရင်လည်း ပေါ်တာဆွဲတယ်၊ စစ်မှုထမ်းခိုင်းတယ်၊ နှိပ်စက်ရိုက်နှက်ခြင်းတွေ အဲ့လိုမျိုး ဗျူဟာတွေကို သုံး တယ်။”

ထို့အပြင် ရွေးကောက်ပွဲအတွက် လူထုအား အကျပ်ကိုင်မှုများ ရှိခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဒေါ်မူစဲက ပြောသည်။

“အတုအယောင် ရွေးကောက်ပွဲမှာ မဲထည့်ခိုင်းတယ်၊ ဖိအားပေးတယ်။ ကရင်နီမှာ ကြည့်မယ်ဆိုလို့ရှိရင် စစ်ဘေးရှောင်တွေကို ပြန်လာ၊ မပြန်လာလို့ရှိရင် အိမ်ယာတွေ ချိတ်ပိတ်မယ်။ တော်လှန်ရေးအဖွဲ့နဲ့ တစ်ဖွဲ့တည်းလို့ သတ်မှတ်မယ်ဆိုတဲ့ အရာတွေက ခြိမ်းခြောက်မှုဖြစ်တယ်။ ဒါသည် လူ့အခွင့်အရေးနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တယ်။”

မြေပြင်တွင် ဘေးအန္တရာယ်များ ရှိနေသော်လည်း WLB အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း နေရပ်စွန့်ခွာရသူ (IDPs) ၅၄,၃၁၁ ဦး၊ CDM အမျိုးသမီး ၁၀၈ ဦးနှင့် အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၃၁၀ ဦးကို ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။

WLB သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုများ အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ကို အဆုံးသတ်ရန်နှင့် နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် အမျိုးသမီးများ အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ခွင့်ရရှိရန် တောင်းဆိုထားသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် လက်နက် ရောင်းချပေးနေမှုများ ရပ်တန့်ရန် လိုအပ်ကြောင်း၊ ခိုင်မာသော လုပ်ဆောင်မှု မရှိပါက ပြည်သူများ အနေဖြင့် ပိုမိုပြင်းထန်သည့် ဆိုးကျိုးများ ဆက်လက်ခံစားရမည် ဖြစ်ကြောင်း WLB မူဝါဒရေးရာ ဦးဆောင်အဖွဲ့ ဝင် မဖိုးဒါးက သတိပေး ပြောဆိုထားသည်။

ဓာတ်ပုံ - ပုံဟောင်း (Women Alliance Burma - အမျိုးသမီးမဟာမိတ်အင်အားစု)

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...