ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တစ်ဦးချင်း အလှူရှင်အပါအဝင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်ပရဟိတအသင်းအဖွဲ့ ၂၈ ဖွဲ့က ကျပ်သိန်း ၅၀၀ ကျော်ကို စုပေါင်းလှူဒါန်းလိုက်ကြောင်း သိရသည်။
အဆိုပါအလှူငွေများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှတဆင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုလှူဒါန်းသည့်အဖွဲ့များ၏အလှူငွေများမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့လှူဒါန်းသည့်ငွေပမဏမတူဘဲ အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၅ဝ ပါဝင်သည်ဟု သိသည်။
အဆိုပါအလှူငွေများကို ဇန်နဝါရီလမှစတင်ကာ ယခုဖေဖော်ဝါရီလအထိ စုထားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်တွင် HDCO သို့ တစ်စုတစ်လုံးတည်း လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ကျပ် ၁ဝ သိန်းပါဝင်လှူဒါန်းခဲ့သည့် စေတနာအာရက္ခပြည်သူ့အကျိုးပြုဆေးခန်း တွဲဘက်တည်ထောင်သူ ကိုဇင်မျိုးက နိရဉ္စရာကို ပြောသည်။
"ပြည်သူလူထုအားကိုးနေကြတဲ့ဆေးရုံကို စကမဆိုတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ချခဲ့တာဖြစ်တယ်။ နိုင်ငံတနိုင်ငံ၊ ပြည်တပြည်မှာ ဆေးရုံဆိုတာက အင်မတန်မှ အရေးကြီးတယ်။ ဥပမာပြောရရင် ဖျားနာ၊ ထိခိုက်ဒဏ်ရာ ဖြစ်တာတွေ။ အကြမ်းဖက် စစ်ကောင်စီပစ်ချခဲ့လို့ ထိခိုက်ဒဏ်ရာဖြစ်တာက အဲ့ဆေးရုံကို မှီခိုပြီးတော့ အသက်ရှင်သန်နေရတာဖြစ်တယ်။ နိုင်ငံတနိုင်ငံ၊ ပြည်တပြည်မှာ ဆေးရုံမရှိလို့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် အခုလို ပြည်တွင်း ပြည်ပရောက် ရခိုင်အဖွဲ့အစည်းတွေက စုပေါင်းပြီးတော့ တတ်နိုင်သလောက် ကူညီပါဝင်လှူဒါန်းကြတာဖြစ်တယ်"ဟု နိရဉ္စရာကို ပြောသည်။
စေတနာအာရက္ခပြည်သူ့အကျိုးပြုဆေးခန်းအပါအဝင် ဖြူစင်မေတ္တာပရဟိတအသင်း၊ အာရက္ခအလင်း ပရဟိတအသင်း၊ ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း)စသည့်အသင်းများအပါအဝင် စုစုပေါင်း ၂၈ ဖွဲ့က စုပေါင်းလှူဒါန်းလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် မောင်တောခရိုင်မွတ်ဆလင်ရေးရာကော်မတီကလည်း ကျပ်သိန်း ၅ဝဝ ကို လှူဒါန်းခဲ့သည်ဟု သိရသည်။
မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုအတွင်း ဆေးရုံကြီးတစ်ခုလုံးပျက်စီးခဲ့သည့်အပြင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် လူမမယ်ကလေငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ လူနာစောင့်များ စုစုပေါင်း ၃၄ ဦးသေဆုံးခဲ့ပြီး ၇ဝ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။
မြောက်ဦးပြည်သူ့ဆေးရုံသည် ရခိုင်ပြည်အတွင်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အဓိကဆေးရုံကြီးဖြစ်သည်။
အဆိုပါဆေးရုံကြီး၏ ဘက်စုံလိုအပ်ချက်များအတွက် ပြည်တွင်း၊ ပြည်ပရှိ ပုဂ္ဂလိကအလှူရှင်များအပါအဝင် အဖွဲ့အစည်းအများအပြားကလည်း အလှူငွေများကို လက်ရှိအချိန်ထိ လှူဒါန်းနေကြဆဲဖြစ်သည်ဟု သိရသည်။







