စစ်အုပ်စုယူဆထားသည့် ဖလူးဒေသ KNLA စခန်းကုန်းနေရာများ လက်နက်ကြီးပစ်ခတ်ခံနေရ

စစ်အုပ်စုယူဆထားသည့် ဖလူးဒေသ KNLA စခန်းကုန်းနေရာများ လက်နက်ကြီးပစ်ခတ်ခံနေရ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်စခန်းဟု ယူဆရသည့်နေရာများကို ဖေဖော်ဝါရီ(၈)ရက်နေ့၊ ညပိုင်းကတည်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့မှ လက်ရှိသတင်းရေးသားချိန် မွန်းလွဲပိုင်းအထိ ဖလူးဘက်ကို လက်ခတ်တောင်ဘုရားကုန်းနေရာမှစစ်အုပ်စုက ဟောင်ဝှစ်ဇာ ၁၂၀ မမ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်ပြီး မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နိုင်ရန် ကနဦးပစ်ကူပေးခြင်းဖြစ်သည်ဟု KNLA မဟာမိတ်တပ်ဖွဲ့ကပြောသည်။

“ဖလူးဘုရားကုန်းဘက်ကို မနေ့ကညပိုင်းကတည်းကစပစ်တာ။ လက်ခတ်တောင်မှာဟောင်ဝှစ်ဇာရှိတယ်။ KKpark ဘက်မှာလည်း ဟောင်ဝှစ်ဇာတင်ထားတဲ့စစ်ကားရှိတယ်။ မြေပြင်ကတက်ဖို့ လက်နက်ကြီးနဲ့ အရင်ပစ်ကူပေးတဲ့ပုံစံနဲ့တိုက်နေတယ်” ဟု အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဖားအံမှမြဝတီသို့ရောက်လာသည့် တပ်မ(၂၂)စစ်ကူတပ်များ၊ လက်နက်ခဲယမ်းသယ်ဆောင်လာသည့်ယာဥ်များဖြင့် ဖလူးဘက်သို့စစ်အုပ်စုတက်နိုင်ရေး ထပ်တိုးအင်အားဖြည့်လာ၍ ကြိုတင်ရှောင်ရှားကြရန် ဒေသခံများကို KNLA က အသိပေးခဲ့သည်။

ထိုရက်ကတည်းက ထိုင်းနယ်စပ် သောင်ရင်းမြစ်နံဘေး၊ ဖလူးရွာအပြင်ဘက်ရှိ ပလောတပို့စစ်ဘေးရှောင်စခန်းသို့ စစ်ရှောင်များထပ်တိုးရောက်ရှိလာသည်။ လတ်တလောအခြေအနေကြောင့် စခန်းအထိလက်နက်ကြီးရောက်လာမည်ကို မြန်မာနှင့်ထိုင်းဘက်ရှိ စစ်ရှောင်နှင့်ဒေသခံလူထုမှာ ထိတ်လန့်နေရသည်ဟု ပလောတပို့စခန်းတာဝန်ရှိသူက ဆိုသည်။

စခန်းတာဝန်ခံအမျိုးသမီးက “မင်းလက်ပံ၊ မယ်ဝါးခီး၊ ရ‌သေ့ဂူဘက်က ရှောင်လာတဲ့အုပ်စုတွေက တဲထိုးနေကြတုန်းလေ။ တစ်အုန်းအုန်းနဲ့ ဘုရားကုန်းမှာလက်နက်ကြီးကျနေတာ ပလော့တပို့စခန်းနဲ့တအားနီးတယ်။ ပြီးတော့ ထိုင်းဘက် မဲ့ကိုကင်းရွာရော ကော့မနောင်းရွာဘက်ကထိုင်းတွေရော ရွာဘက်လက်နက်ကြီးလာကျမှာလန့်နေကြတယ်။” ဟု ကေအိုင်စီကိုပြောသည်။

မူလက ပလော့တပို့စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ စစ်ရှောင် (၂,၀၀၀) ထောင်ဝန်းကျင်ရှိသည်။ ယခုရက်ပိုင်းအတွင်း မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးအပါအဝင် ကျေးရွာ(၅)ရွာခန့်မှ ဒေသခံစစ်ဘေးရှောင် ထောင်နှင့်ချီ ထပ်မံရောက်ရှိလာသည့်အတွက် အမိုးအကာ၊ နေရာထိုင်ခင်းနှင့်စားနပ်ရိက္ခာလိုအပ်ချက်မြင့်တက်နေကြောင်း သိရသည်။

နောက်ဆုံးရရှိထားသည့် ကေအိုင်စီ၏ ဒေသတွင်းသတင်းအရင်းအမြစ်ပြောပြချက်အရ လက်ရှိ လေးကေကော်ဒေသဘက်ကိုပါ စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသည်ဟု ဆိုသည်။

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...