သဉ္ဇာနွယ် — ရခိုင်ရိုးမအရှေ့ခြမ်းပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ကပစ( ၁၆) အနီးရှိ ကာကင်းစခန်းကုန်း အနည်းဆုံ (၅)ခုခန့်ကို အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်တို့သိမ်းပိုက်ထားပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
၎င်းကာကင်းစခန်းများမှာ ဗုံးသီးထုတ်လုပ်ရာတွင် အသုံးပြုသည့်ယမ်းများချက်သော တောင်ကုတ်-ပန်းတောင်းလမ်းပေါ်က ကပစ (၁၆)ယမ်းချက်စက်ရုံ၏ အဓိကဝင်ပေါက်တွင်တည်ရှိပြီး စစ်ရေးအရ အရေးပါသော ခြောက်သုံးလုံးပွိုင့်ကုန်းကို အာရက္ခတပ်တော် (AA)နှင့်ပူးပေါင်းတပ်တို့သိမ်းပြီးနောက်နောက်ထပ်ကာကင်းစခန်းများကို တစ်ခုပြီး တစ်ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဒေသတွင်း စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ ကာကင်းစခန်းများကို တစ်ခုပြီး တစ်ခု AA နှင့် ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ရရှိသွားပြီးနောက် ကပစ (၁၆)ကို AA က စစ်ရေးအရ ခြိမ်းခြောက်လာသဖြင့် အကြမ်းဖက်မြန်မာစစ်တပ်မှ ထုတ်နုတ်စစ်သည်အင်အားတို့ဖြင့် လေကြောင်းနှင့်လက်နက်ကြီးပစ်ကူယူကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများမှာ ပြင်းထန်နေသည်ဟု ၎င်းစစ်ရေးသတင်းရင်းက နိရဉ္စရာကို ပြောသည်။
" ၆၆၆ ကုန်းကိုသိမ်းပြီး AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေလည်း ရှေ့ဆက်တိုးပြီးတိုက်တယ်။ ကာကင်းစခန်းကုန်းတွေကိုတစ်ခုပြီး တစ်ခုသိမ်းတယ်။ စစ်တပ်ဖက်ကလည်း ကပစ(၁၆)က ထုတ်နုတ်အင်အားတွေစစ်ကြောင်းခွဲပြီး ပြန်ပြီးထိုးစစ်ဆင်တယ်။ တက်လာသမျှစစ်ကြောင်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက တိုက်တယ်။ တိုက်ပွဲက နေ့တိုင်း အပြင်းအထန်ဖြစ်နေပါတယ်" ဟု ပြောသည်။
ကပစ(၁၆)နှင့် ၃ မိုင် ကျော်ခန့်က အကွာအဝေးတွင်တည်ရှိသည့် ကပစ(၁၆)၏ ဝင်ပေါက်ဖြစ်သည့် (၆၆၆) ပွိုင့်ကုန်းအနီးမှ ကာကင်းစခန်း ၅ ခုခန့်ကို AA နှင့်ပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ၎င်းနေရာ အနီးရှိ ရခိုင်ရိုးအရှေ့ဖက်ခြမ်းတခြမ်းလုံးကို ဂျက်ဖိုက်တာ၊ Y-12 နှင့်ပါရာမိုတာတို့ဖြင့် အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်ဟု ၎င်းက နိရဉ္စရာကို ဆက်လက်ပြောသည်။
" ကာကင်းစခန်းလက်ရှိအနေအထားအရဆိုရင် ၅ ခုလောက်ရထားပြီ။ ကပစ(၁၆)နဲ့ ပွိုင့် ၆၆၆ကုန်း ကြားမှာ ကာကင်းတွေကပတ်ပတ်လည်တွေအများကြီးရှိတယ်။ ကုန်းလေးတွေပေါ်မှာဆောက်ထားတာ။ ရခိုင်ရိုးအရှေ့ဖက်ခြမ်း ဧရာဝတီနဲ့ပဲခူးဖက်ကို လေကြောင်းကနေ တရစပ်ကြဲနေတယ် " ဟု ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များသည် ပုသိမ်-မုံရွာလမ်းမကြီးအနောက်ဘက်ခြမ်းတွင်ရှိသော ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်)၊ကပစ-၆ (ညောင်ခြေထောက်)နှင့်ကပစ-၉ (ကျောက်ဖူး)တို့ကို ခြိမ်းခြောက်ထားနိုင်သည့်အနေအထားတွင် ရှိနေ၍ စစ်ကော်မရှင်သည် အဆိုပါဒေသတွက် တပ်အင်အားအများအပြားကို ဖြည့်တင်းထားသည်ဟု သိရသည်။
အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည် ပန်းတောင်းမြို့နယ်၊ ကပစ (၁၆) ကာကင်းစခန်းတခုဖြစ်သည့် ပွိုင့် ၆၆၆ စခန်းကုန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၅ နာရီကျော်တွင် ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာကို အတည်ပြုပြောဆိုထားသည်။







