ကလေးမြို့အကျဥ်းထောင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဥ်းသူ ၁၅ ဦး တိုက်ပိတ်ခံရ

ကလေးမြို့အကျဥ်းထောင်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဥ်းသူ ၁၅ ဦး တိုက်ပိတ်ခံရ

ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊မော်လိုက်ကလေး အကျဥ်းထောင်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် အကျဥ်းသူများထဲမှ ၁၅ ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင့် အကျဥ်းကျသူ မိသားစု၏ နီးစပ်သူနှင့် အကျဥ်းသားကူညီပေးသည့်အဖွဲ့အစည်းထံက သိရသည်။

ကလေးမြို့အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသူ ၁၀၀ ကျော်အပါအဝင် အကျဥ်းသူ၂၀၀ ကျော်သည် ယမန်နေ့( ဖေဖော်ဝါရီလ ၁ ရက် )တွင် တိုင်းပြည်၌ စစ်အာဏာသိမ်း ငါးနှစ်မြောက် အထိမ်းအမှတ်ဖြစ် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ဆန္ဒပြတဲ့သူတွေအထဲက ၁၅ ယောက်ကို တိုက်ပိတ်အပြစ်ဒဏ် ပေးလိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ဘယ်လိုသိရတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောလို့မရပါဘူး၊ ဘယ်သူတွေပါတယ်ဆိုတာတော့ မသိရသေးဘူး” ဟု အကျဥ်းကျနေသူမိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပစ္စည်းများဖျက်ဆီး၍ ဆူပူခြင်းများမရှိဘဲ ငြိမ်းချမ်းစွာတရားမျှတသည့် အခွင့်အရေးများကို တောင်းဆိုခြင်းဖြစ်သဖြင့် ယခုကဲ့သို့ တိုက်ပိတ်ပြစ်ဒဏ်ပေးမှုအပေါ် ရှုတ်ချပြီး ပြည်သူများအနေဖြင့် ၎င်းတို့အပေါ် အရေးယူကိုင်တွယ်မှုကို စောင့်ကြည့်ပေးကြပါရန်မေတ္တာရပ်ခံလိုကြောင်း ၎င်းကဆိုသည်။

ဆန္ဒပြအကျဥ်းသူထဲမှ ၁၅ ဦး တိုက်ပိတ်ခံရခြင်းနှင့်ပတ်သက်၍ အတည်ပြုထားပြီး အသေးစိတ် အခြေအနေကို စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက်(PPNM) ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မဇ္ဈိမကို ယနေ့(ဖေဖော်ဝါရီ ၂ရက်)တွင် ပြောသည်။

“တိုက်ပိတ်ခံရတယ်ဆိုတာတော့ ကြားရပါတယ်။ အကျဥ်းသူ ဘယ်သူဘယ်ဝါဆိုတာ ထပ်ပြီးအတည်ပြုနေပါတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

အကျဥ်းထောင်အတွင်း တိုက်ပိတ်ခံထားရသည့် အကျဥ်းသူများ၏ လုံခြုံရေးအခြေအနေ၊ စိုးရိမ်နေရမှုများအပေါ် ပြည်သူများ ၊လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အလေးထား၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးပါရန် PPNM က အသိပေးထားသည်။

အကျဥ်းသူများသည် သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ပြီး အမှုကြီး ကိုးမှုအပေါ် အပြစ်ဒဏ်လျော့ပေါ့မှု ပေးရန် ၊ အကျဥ်းထောင်အတွင်း အရေးပါသည့် တန်းစီးကဲ့သို့သော လုပ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အကျဥ်းသားနှင့် အကျဥ်းသူများကို တန်းတူအချိုးကျနေရာပေးရန်နှင့် အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေးတို့ တောင်းဆိုခဲ့ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဥ်းသားများအပါအဝင် လူသတ်၊ မုဒိမ်း ၊ဓါးပြ ၊ ပြန်ပေး စသည့်အမှုကြီးကိုးမျိုး ကျုးလွန်သူများကို ပြစ်ဒဏ်လျော့ပေါ့မပေးခြင်းနှင့် ထောင်တွင်း လုပ်ပိုင်ခွင့်နေရာများတွင် အမျိုးသမီးများကို ပိုမိုနေရာပေးရန် တောင်ဆိုးခြင်းဖြစ်သည်။

၎င်းတို့၏ တောင်းဆိုချက်များကို ဧပြီလ ၁၇ရက် (နှစ်ဆန်း တရက်နေ့) နောက်ဆုံးထားပြီး သဘောတူပေးရန်နှင့် လိုက်လျောခြင်းမရှိပါက နှစ်ဆန်း နှစ်ရက်နေ့တွင် မြန်မာနိုင်ငံတဝန်းအကျဥ်းထောင်များသပိတ်နေ့အဖြစ် သတ်မှတ်ကာ ဆက်လက်တောင်းဆိုသွားမည်ဟု သိရသည်။

ကလေးထောင်တွင် ကလေးမြို့နယ်အပြင် ချင်းပြည်နယ် ၊ ကလေးဝ ၊မင်းကင်း ၊ ဖောင်းပြင်၊ မော်လိုက် ၊ ဟုမ္မလင်း၊ ခန္တီးစသော မြို့နယ်များမှ အပြစ်ဒဏ်ကျခံနေရသူ စုစုပေါင်း ၁,၆၀၀ ခန့်ရှိပြီး ၎င်းအထဲတွင် နိုင်ငံရေးအကျဥ်းသား ၅၀၀ ခန့်ရှိကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - စစ်ကိုင်းတိုင်း ၊ မော်လိုက်ကလေး အကျဉ်းထောင်တွင် ဖေဖော်ဝါရီ ၁ ရက်(စစ်အာဏာသိမ်း ငါးနှစ်မြောက်) နေ့က အခွင့်အရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် အကျဥ်းသူ ၂၀၀အနက် ၁၅ဦးကို တိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်း အကျဥ်းကျမိသားစု၏နီးစပ်သူနှင့် နိုင်ငံရေးအကျဥ်းသားများ အကူအညီပေးသူများက ပြောသည်။

Most read this week

January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...