သွေးစွန်းသော မဲပုံးများနှင့် "Made in China" အရိပ်အောက်က ရွေးကောက်ပွဲ

သွေးစွန်းသော မဲပုံးများနှင့် "Made in China" အရိပ်အောက်က ရွေးကောက်ပွဲ

မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ စစ်ကော်မရှင်၏ လက်နက်ကြီး မီးခိုးငွေ့များကြောင့်ပါ ထပ်ဆင့်အုံ့မှိုင်းနေခဲ့သည်။ 

မြောက်ပိုင်းဒေသ၏ ဆောင်းက အသားထဲစိမ့်ဝင်အောင် အေးမြလွန်းလှသော်လည်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်၏ မြို့ပြအချို့တွင်မူ နိုင်ငံရေး အပူရှိန်က တောက်လောင်လျက်ရှိသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက် အဖြစ် အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပသည့် ရွေးကောက်ပွဲ၏ နောက်ဆုံးအဆင့်ကို နိုင်ငံတစ်ဝှမ်း၌ အတင်းအဓမ္မ ဖော်ဆောင်လျက်ရှိသည်။ 

သို့သော် မြေပြင်၌ ကြားနေရသည်မှာ မဲပေးသူတို့၏ ဆန္ဒဖော်ထုတ်သံ သို့မဟုတ် မဲရုံဆီသို့ လျှောက်လှမ်းသည့် ခြေသံများမဟုတ်ပေ။

ဖားကန့်မြို့၏ တုန်ဟီးနေသော လက်နက်ကြီးသံများနှင့် ကျောက်မဲ၊ သီပေါမြို့တို့၏ ခြောက်ကပ်နေသော လမ်းမ ထက်က တိတ်ဆိတ်မှုများသာ ဖြစ်သည်။ 

လူသူကင်းမဲ့နေသည့် လမ်းမများ၏ ထိုတိတ်ဆိတ်မှုသည်ပင် စစ်ကော်မရှင်၏ အဓမ္မရွေးကောက်ပွဲအပေါ် ပြည်သူတို့၏ အသံတိတ် ဆန့်ကျင်မှုကို သက်သေပြနေသကဲ့သို့ ရှိတော့သည်။

ရှမ်းမြောက်၏ ခြောက်ကပ်သော မဲရုံများနှင့် ‘ကိုယ်စားပြုမှုမဲ့ခြင်း’

ရှမ်းပြည် မြောက်ပိုင်း၏ အချက်အချာကျသော ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ‘ကိုယ်စားပြုမှု လုံးဝမရှိသော ရွေးကောက်ပွဲ’ အဖြစ် သမိုင်းတွင်ခဲ့သည်။

ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၈၁ အုပ်စု ရှိသော်လည်း စစ်ကော်မရှင်သည် မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင်သာ မဲရုံများ ဖွင့်လှစ်နိုင်ခဲ့သည်။ 

ဤသည်မှာ တစ်မြို့နယ်လုံး၏ ၆ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန်ရှိသည့် ၉၄ ရာခိုင်နှုန်းသော ဒေသခံများမှာ မဲပေးခွင့် ချန်လှပ်ခံခဲ့ရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ရွာတွေ မပါဝင်ဘူးပေါ့ဗျာ။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဒေသခံတွေကို ကိုယ်စားပြုမှုမရှိသလို တရားမျှတမှုလည်း မရှိပါဘူး။”

ကျောက်မဲမြို့ခံတစ်ဦးကလည်း မဲရုံများ၏ လက်တွေ့ပုံရိပ်ကို ယခုကဲ့သို့ ပြောပြသည်။

“မြို့ထဲမှာ မဲလာပေးတဲ့သူက လက်ချိုးရေလို့ရတယ်။ မဲရုံပိတ်ခါနီးတဲ့အထိ တစ်ယောက်စ နှစ်ယောက်စပဲ လာကြတာ။ စစ်တပ်ကတော့ မဲပေးသူ ၅ သောင်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာတော့ မဲရုံတွေက ခြောက်ကပ်နေတာပါ။ လူတွေက မဲပေးဖို့ထက် လုံခြုံရေးအတွက်ပဲ စိုးရိမ်နေကြတာ။”

အထူးသဖြင့် ရှမ်းတိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာများမှာ စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်တွင် မရှိသဖြင့် ရွေးကောက်ပွဲ နယ်မြေအတွင်း မပါဝင်ခဲ့ပေ။

စစ်ကော်မရှင်က မဲပေးသူ ငါးသောင်းကျော်ရှိသည်ဟု ဝါဒဖြန့်ထားသော်လည်း မြေပြင်တွင် မဲရုံများမှာ ခြောက် ကပ်နေခဲ့သည်။ 

ကျောက်မဲမြို့ခံတစ်ဦး၏ အဆိုအရ မဲရုံပိတ်ခါနီးအချိန်အထိ မဲလာပေးသူမှာ လက်ချိုးရေ၍ ရသလောက်သာ ရှိပြီး လူထုမှာ မဲပေးရန်ထက် လုံခြုံရေးအတွက်သာ စိုးရိမ်နေကြရသည်။ 

သီပေါမြို့တွင်လည်း မဲပေးသူ မရှိသလောက် နည်းပါးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကသာ ပြိုင်ဘက်မရှိ အနိုင်ရသည့် ပုံစံမျိုးဖြင့် ရွေးကောက်ပွဲကို အဆုံးသတ်ခဲ့သည်။

ဖားကန့်၏ လက်နက်ကြီးသံများကြားက သွေးစွန်းသော ရွေးကောက်ပွဲ

ကချင်ပြည်၊ ဖားကန့်မြို့တွင်မူ ရွေးကောက်ပွဲသည် တိတ်ဆိတ်ရုံတင်မကဘဲ အရပ်သားများ၏ သွေးမြေကျမှုနှင့် ပါ ရင်ဆိုင်ခဲ့ရသည်။ 

စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဖားကန့်မြို့အဝင်အထွက် တံတားများကို ဇန်နဝါရီ ၂၃ ရက်နေ့ ကတည်းက ပိတ်ဆို့ထားခဲ့သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဖားကန့်မြို့ခံတစ်ဦးက “မဲရုံတွေကတော့ ဖွင့်ထားတာပဲ၊ ဒါပေမဲ့ တစ်မြို့ လုံးက ဘယ်သူမှလည်း မဲသွားမပေးဘူး၊ အိမ်ထဲမှာပဲ အောင်းနေကြတာ။ အပြင်မှာလည်း လက်နက်ကြီးသံတွေ ကလည်း ကြားနေရတာဆိုတော့ ဘယ်သူက သွားပေးရဲမှာလဲ။ ဝန်ထမ်းအချင်းချင်းပဲ ပေးနေတာ တွေ့ရတယ်” ဟု ပြောသည်။

ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှ စတင်ကာ ရွေးကောက်ပွဲ ကျင်းပစဉ်ကာလအတွင်း ဖားကန့်ဗျူဟာကုန်းနှင့် ရဲစခန်းဘက်မှ လက်နက်ကြီးများ တရစပ် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

မြေပြင်၌ ကူညီပေးနေသူတစ်ဦးက “လက်နက်ကြီးကျည်က မြို့ပေါ်ရပ်ကွက်တွေထဲ ကျတာ။ တောင်ပြိုရွာမှာ တစ်ယောက်၊ ဆိပ်မူမှာ နှစ်ယောက် ထိတယ်။ မြို့ပေါ်မှာလည်း ထိတာရှိတော့ အားလုံးပေါင်း ၅ ယောက်ထက် မနည်း ဒဏ်ရာရထားတယ်။ အဲဒီထဲက ၃ ယောက်ကတော့ တော်တော်စိုးရိမ်ရလို့ ခွဲစိတ်ခန်းဝင်နေရတယ်” ဟု ပြောသည်။

နောက်ထပ် မြို့ခံတစ်ဦးကလည်း စစ်တပ်၏ ဖိအားပေးမှုကို ယခုကဲ့သို့ ပြောပြသည်။

“မနက်ကတည်းက လက်နက်ကြီးသံတွေက တစ်ချက်ပြီးတစ်ချက်ပဲ၊ အိမ်တွေတောင် တုန်နေတာ။ ရွေးကောက်ပွဲ လုပ်နေတဲ့ ရပ်ကွက်တွေထဲကို လက်နက်ကြီးတွေ ကျနေတာဆိုတော့ ဘယ်သူမှ သိပ်ပြီး အပြင်မထွက်ရဲကြဘူး။ စစ်သားတွေကတော့ ကျောင်းတွေထဲမှာ သေနတ်တွေနဲ့ စောင့်နေကြတာပဲ။”

စစ်ကော်မရှင်က မြို့အဝင်အထွက် တံတားများကို ပိတ်ဆို့ကာ လုံခြုံရေး အင်အားအလုံးအရင်းဖြင့် မဲရုံများ ဖွင့်လှစ်ခဲ့သော်လည်း မြေပြင်တွင် မဲပေးသူမှာ ဝန်ထမ်းအချို့သာ ရှိခဲ့သည်။ 

ရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်း လက်နက်ကြီးကျည်များမှာ ငှက်ပျောတောရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ ကျရောက်ခဲ့သည်။ 

ထိုဖြစ်စဉ်ကြောင့် အရပ်သား ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်သည်ဟု ဖားကန့်မြို့ခံအချို့က အတည်ပြုပြောသည်။ 

အဆိုပါအချက်မှာ စစ်ကော်မရှင်၏ ‘အေးချမ်းတည်ငြိမ်စွာ မဲပေးနေကြသည်’ ဆိုသည့် ထုတ်ပြန်ချက်နှင့် မြေပြင် အခြေအနေ မည်မျှကွာဟနေကြောင်း ပြသနေသည့် သက်သေပင် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲ

၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းယူသည့် အချိန်တွင် မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော အစိုးရ ရှိနေခဲ့သည်။ 

NLD ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ တို့တွင် ရှမ်းပြည်နှင့် ရခိုင်ပြည်မှ အပ တိုင်းရင်းသား ဒေသများ အပါအဝင် တစ်နိုင်ငံလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရ ထားသော ပါတီ ဖြစ်သည်။ 

သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှာ ယခု ရွေးကောက်ပွဲ တွင် ပါဝင် နိုင်ခြင်း မရှိခဲ့ပါ။ ယင်းသည်ပင် ရွေးကောက်ပွဲ၏ အဓိက အကျဆုံးသော အရွေးချယ် ခံပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ 

NLD ပါတီသည် ၂၀၂၅-၂၆ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမရှိရသည့် အဓိကအကြောင်းရင်းမှာ စစ်ကောင်စီက ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်း ကြောင့် ဖြစ်သည်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်" အရ သတ်မှတ်ရက်အတွင်း ပါတီကို ပြန်လည်မှတ်ပုံမတင်သည့်အတွက်ကြောင့်ဟု ဆိုကာ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက် တွင် NLD အပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

NLD ပါတီဘက်ကမူ စစ်ကောင်စီသည် တရားဝင်အစိုးရမဟုတ်သည့်အတွက် ၎င်းတို့ထုတ်ပြန်သည့် ဥပဒေများကို လိုက်နာရန်မလိုကြောင်းနှင့် အဆိုပါရွေးကောက်ပွဲသည်လည်း တရားမျှတမှုရှိမည်မဟုတ်သဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ကြိုတင်ကြေညာခဲ့သည်။

ရန်ကုန်မြို့ရှိ NLD ဌာနချုပ်အပါအဝင် တစ်နိုင်ငံလုံးရှိ ပါတီရုံးခန်းအများအပြားသည် စီးနင်းခံရခြင်း၊ ချိပ်ပိတ်ခံရခြင်းနှင့် ဗုံးခွဲဖျက်ဆီးခံရခြင်းများကို ကြုံတွေ့ခဲ့ရသည်။

NLD ပါတီမှာ ယခင် ရွေးကောက်ပွဲများတွင် ရှမ်းပြည်နှင့် ရခိုင်ပြည်တို့မှ လွဲ၍ ကျန် ပြည်နယ်များ အားလုံးတွင် အနိုင်ရခဲ့သော ပါတီဖြစ်ရာ NLD ပါဝင်ခွင့်မရခြင်းသည်ပင်လျှင် တိုင်းရင်းသား ဒေသများတွင် နိုင်ငံရေး ပါတီများ၏ ရွေးချယ်ခံပိုင်ခွင့်မှာ လုံးဝ ဆုံးရှုံးနေသည်ကို ပြသနေသည်။ 

"Made in China" ရွေးကောက်ပွဲ

ယခုရွေးကောက်ပွဲ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ကြီးမားသော တွန်းအားနှင့် ဖိအားများ ပါဝင်နေကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။ 

ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ်က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ယခုကဲ့သို့ အမည်တပ်လိုက်သည်။

“စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကြည့်ရတာတော့ Made in China ပေါ့နော်၊ တရုတ်ပြည်က ထုတ်လုပ်တဲ့ ရွေးကောက်ပွဲလို့တောင် ပြောလို့ရတယ်။ ကျမတို့ရဲ့ ကချင်ဒေသ မြစ်ဆုံ Dam ကို ပြန်လုပ်ဖို့ ဖိအားပေးနေတာ တွေ၊ လူတွေလွှတ်နေတာတွေ ရှိတယ်။ ဒါတွေက အလဲအလှယ်လုပ်တဲ့ ပုံစံမျိုး ဖြစ်နေလို့ Made in China Election လို့ ပြောလို့ရတာပါ။”

သျှမ်းသံတော်ဆင့် သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်း ကလည်း တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို ယခုကဲ့သို့ သုံးသပ်သည်။ 

“တိန့်ရှီကျွန်း ပြောတဲ့ စကားကို ကြည့်ခြင်းအားဖြင့် တရုတ်က တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွတ်ဖက်ပါဘူးဆိုတဲ့ မူဝါဒကို သူတို့ကိုယ်တိုင် ကျော်လွန်ပြီး မြန်မာပြည်အပေါ် ဖိအားပေး ရွေးကောက်ပွဲ လုပ်ခိုင်းတဲ့ ပုံစံဖြစ်နေတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင်က အဆင်သင့် ဖြစ်မနေဘဲနဲ့ ရွေးကောက်ပွဲ လုပ်ရတဲ့ သဘောလည်း ပြနေတယ်။”

ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် တက်ကြွလှုပ်ရှားသူများက စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို "Made in China Election" ဟု သတ်မှတ်လိုက်ကြသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ One Belt One Road (BRI) စီမံကိန်းများနှင့် မြစ်ဆုံရေကာတာ စီမံကိန်းများကို ပြန်လည် အသက်သွင်းရန်အတွက် စစ်ကော်မရှင်ကို ရွေးကောက်ပွဲ ကျင်းပရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ 

တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွန်း၏ ပြောကြားချက်များအရ ဤရွေးကောက်ပွဲသည် တရုတ်၏ တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုနှင့် စစ်ကော်မရှင်၏ တရားဝင်မှု ရှာဖွေမှုတို့ ပေါင်းစပ်ထားသည့် ရလဒ်ဖြစ်ကြောင်း ပေါ်လွင်နေသည်။

ရွေးကောက်ပွဲအလွန် ပိုမိုပြင်းထန်လာမည့် ပဋိပက္ခ

ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း မြန်မာနိုင်ငံ၏ ပဋိပက္ခမှာ လျော့ကျသွားမည့် လက္ခဏာ မရှိပေ။ 

စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းမဟုတ်ဘဲ ပိုမိုကြီးမားသော တိုက်ပွဲများ၏ အစပျိုးခြင်းသာ ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက သတိပေးလိုက်သည်။

ရှေ့ဆက်လာမည့် စစ်ရေးအခြေအနေကို ကရင်နီပြည် အင်အားစုကိုယ်စားလှယ် ခွန်းသောမတ်စ် က ယခုကဲ့သို့ သုံးသပ်သည်။ “ရွေးကောက်ပွဲ ပြီးသွားရင်လည်း ကျနော် ထင်တယ်။ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ လျှော့ကျ သွားမယ့် အခြေအနေမျိုး မရှိဘူး။ ရွေးကောက်ပွဲ ပြီးသွားရင်တောင်မှ ကျနော်တို့ တော်လှန်ရေးဖက်ကတော့ ဒီထက်ပိုအားကောင်းတဲ့ အခြေအနေမျိုးတွေ ပြင်ဆင်မှုတွေ ရှိတယ်။ အဲတော့ ဒီထက်ပိုပြင်းတဲ့ တိုက်ပွဲမျိုးတွေ ဒီထက်ပို ကျယ်ပြန့်မဲ့ တိုက်ပွဲမျိုးတွေ ဆက်ပြီးတော့ သွားမဲ့ အခင်းအကျင်းမျိုးပဲ ရှိပါတယ်ပေါ့။”

တော်လှန်ရေး အင်အားစုများသည် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဗျူဟာမြောက် စုစည်းမှုများဖြင့် ဆက်လက် တိုက်ပွဲဝင်သွားရန် ပြင်ဆင်နေကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ မတင်တင်ညို ကလည်း ပြည်သူ့ဆန္ဒနှင့် ပတ်သက်၍ “ဒီတစ်ခေါက် နွေဦး တော်လှန်ရေးက မဖြစ်မနေ ဒီအာဏာရှင်ကို အဆုံးသတ်ရမယ်ဆိုတဲ့ ခံယူချက်က အခုထိ ခိုင်ခိုင်မာမာ ရှိနေဆဲ ပဲ။ ရွေးကောက်ပွဲက ဘယ်လိုရလဒ်ပဲ ရရှိလာ ရရှိလာ ကျမတို့ကတော့ ပြည်သူလူထုတွေ အားလုံးရဲ့ အကျိုး စီးပွားကို ရှေးရှုတဲ့ အနေနဲ့ကတော့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင် မှန်သမျှ ပြုတ်ကျဖို့အတွက်တော့ ဆက်ပြီးတော့ တွန်းလှန်သွားရမယ်” ဟု ပြောသည်။

စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်အတွက် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအကြား ဗျူဟာမြောက် စုစည်းမှုသည် ယခုအချိန်တွင် အရေးအကြီးဆုံး ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ခြိမ်းခြောက်မှုအောက်က မဲပုံးများနှင့် သွေးစွန်းမည့် ရွေးကောက်ပွဲအလွန် အလားအလာ

ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စစ်ကော်မရှင်သည် လူထုအား နည်းမျိုးစုံဖြင့် အကျပ်ကိုင်ခဲ့သည်။ 

ရွေးကောက်ပွဲ ကာလအတွင်းမှာပင် မဲမထည့်သူများကို ခြိမ်းခြောက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ခရီးသွား လာခွင့် ကန့်သတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ 

အထူးသဖြင့် စစ်ဘေးရှောင် ပြည်သူများကို နေရပ်မပြန်ပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ လူငယ် များကို မဲမပေးလျှင် တက္ကသိုလ်တက်ခွင့် ပိတ်ပင်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထင်အရှား ရှိနေသည်။

KWAT မှ ဆန်ထွယ် က ရွေးကောက်ပွဲအလွန် စိုးရိမ်ရမှုကို ယခုကဲ့သို့ ထပ်လောင်းပြောဆိုသည်။

“ကျမတို့ မြင်တာကတော့ ဒါကတော့ သူတို့အနေနဲ့ သူတို့နဲ့ မိတ်ဖက်တဲ့ နိုင်ငံတကာတွေနဲ့ ချိတ်ဆက်ပြီးမှ မြန်မာနိုင်ငံ သူတို့ရဲ့ ဒီစီးပွားရေး လမ်းကြောင်းတွေ ဖွင့်ယူပြီးမှ တိုင်းရင်းသားဒေသတွေမှာ စစ်ပဋိပက္ခ ပိုပြီးမှ ဖွင့်ဖို့အတွက် ကို သူတို့ပိုက်ဆံတွေ ရှာသွားနိုင်တဲ့ အခြေအနေလည်း ရှိလာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီ Election အလွန်ပေါ့နော်။ ရွေးကောက်ပွဲ အလွန်ကတော့ ပဋိပက္ခတွေနဲ့ သတ်ဖြတ်မှုတွေ ပိုများနိုင်တယ်ဆိုတဲ့ဟာမျိုး ကို လည်း ကျမတို့ တွေ့ရတယ်။”

ယခုကျင်းပခဲ့သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သယံဇာတများကို တရုတ်နိုင်ငံသို့ အလဲအလှယ်လုပ်ကာ စစ်ခေါင်း ဆောင်များ၏ သက်တမ်းကို ဆွဲဆန့်ရန် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု သုံးသပ်ထားကြသည်။

ပြည်သူလူထုမှာ မဲပုံးထဲသို့ ဆန္ဒမဲများ ထည့်ရန်ထက် လေယာဉ်ဗုံးကြဲမှု၊ လက်နက်ကြီး၊ ကျည်ဆန်များကြားမှ အသက်ရှင်သန်ရန်သာ ကြိုးပမ်းနေကြရသည်။ 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှု မရှိသလို၊ ပြည်သူ့၏ ကိုယ်စားပြုမှုလည်း ကင်းမဲ့နေသည်။ အဆိုပါ ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုရုံတင်မကဘဲ ပြည်သူ့အသက်ပေါင်းများစွာကို စတေး ၍ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မတရားမှုကို အခြေခံ၍ တည်ဆောက်ထားသော ရွေးကောက်ပွဲရလဒ်သည် မြန်မာနိုင်ငံအတွက် ပိုမိုနက်ရှိုင်း သော စစ်မီးကိုသာ ယူလာပေးလိမ့်မည်ဟု ပြည်သူများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်သူများက ယုံကြည် ထားကြသည်။

မဲပုံးထဲက မဲစာရွက်များထက် မြေပြင်က လက်နက်ကြီးကျည်ခွံများက ပိုမိုများပြားနေသည့် ဤရွေးကောက်ပွဲ သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်မဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော ပဋိပက္ခတွင်းသို့ ဆွဲခေါ် သွားမည့် လမ်းညွှန်ချက်သာ ဖြစ်နေသည်ဟု ထောက်ပြပြောဆိုမှုများ ရှိနေသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင် ‘အတုအယောင် ရွေးကောက်ပွဲ’ ကို အသိအမှတ် မပြုရန်နှင့် မြေပြင်တွင် အမှန်တကယ် အုပ်ချုပ်ရေး ယန္တရားများကို တည်ဆောက်နေသည့် တော်လှန်ရေး အဖွဲ့အစည်းများ ကိုသာ ကူညီပေးရန် တိုက်တွန်းတောင်းဆိုနေကြသည်။

Most read this week

February 2, 2026
မန်းကိုကို — လူတိုင်း ပိုကောင်းတဲ့ အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတယ်။...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...
January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...