၂၀၂၅ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု KNU တရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးရရှိ

၂၀၂၅ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု KNU တရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးရရှိ

၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ လူငယ်ခေါင်းဆောင်ဆုကို ကေအဲန်ယူ ဗဟိုတရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးအား ပေးအပ်ချီးမြှင့်ကြောင်း ဖန်းရှောင်ဒေးရှင်းမှ ယနေ့ (ဇန်နဝါရီလ ၂၉ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပဒိုနော်လွဲထူးစေးသည် ဗဟိုတရားရေးဌာန၏ ဌာနမှူးနှင့် ကရင်ဥပဒေရေးရာ ကူညီထောက်ပံ့ရေးစင်တာ (KLAC) ၏ ဒါရိုက်တာဖြစ်ပြီး KNU ၏ ကော်မတီအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ 

ထို့အပြင် (၁၇) ကြိမ်မြောက် KNU ကွန်ဂရက်တွင်လည်း ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသူတစ်ဦး ဖြစ်သည်။

သူမသည် ဗဟိုအဆင့် တာဝန်တွေအပြင် ရပ်ရွာအခြေပြု တရားမျှတမှုလုပ်ငန်းများအတွက် တရားဥပဒေစိုးမိုးရေး ယန္တရားများ ခိုင်မာလာစေရန် မူဝါဒနှင့် လက်တွေ့ လုပ်ဆောင်ချက်များ ကိုလည်း ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ကရင်လူငယ်များအား ဥပဒေပညာရှင်များဖြစ်လာစေရန် ပထမဦးဆုံးသော ဥပဒေကျောင်း (Legal School Program) ကို တည်ထောင်ပေးခြင်းနှင့် ရပ်ရွာဥပဒေရေးရာ စေတနာ့ဝန်ထမ်း (CLV) စနစ်အတွက် စွမ်းဆောင်ပေးသူတစ်ဦးလည်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။

ဖန်း‌ဖောင်‌ဒေးရှင်း ဒါရိုက်တာ နမ့်ဘွားဘွားဖန်းက “ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီး ငယ်တစ်ဦးအနေနဲ့ အခုလို တာဝန်ကြီးတွေကို ထမ်းဆောင်ပြီး အောင်မြင်မှုတွေ အများကြီး ရရှိထားတာဟာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ ရှေးရိုးစွဲ အစဉ်အလာ ဘောင်တွေကို ကျော်ဖြတ်ပြီး ဘယ်လိုအရာမျိုးကိုမဆို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြောင်း ကရင်အမျိုးသမီးငယ်တွေအားလုံးအတွက် ပြသပေးတဲ့ စံနမူနာတစ်ခု ဖြစ်တယ်” ဟု ကြေညာချက်၌ ပြောဆိုထားသည်။

အဆိုပါဆုအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၄,၀၀၀ (လေးထောင်)ကိုလည်း ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်သည်။ 

ဆုပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို လာမည့် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

“ဒီ Community က Justice Volunteer တွေ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး အချင်းချင်းဝိုင်းပြီးတော့ ပံ့ပိုးမှုနဲ့ ကြိုးစားခဲ့တာကို ဖန်းဖောင်ဒေးရှင်းက အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူမိတယ်။ လူထုတွေ တရားမျှတရေးနဲ့ ပိုပြီးလက်လှမ်းမီနိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေလည်း ပိုများပြားလာဖို့ Volunteer တွေပေါ်ထွန်းလာဖို့အတွက် Justice အပိုင်းတွေ ပိုပြီး ကြိုးစားသွားမယ်” ဟု ဆုရရှိသည့်အပေါ် ပဒိုနော်လွဲထူးစေးက ကေအိုင်စီသို့ ပြောသည်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုသည် ကရင်လူမျိုးများ၏ ပညာ‌ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး၊ လူ့ အခွင့်အ ‌ရေး မြှင့်တင်ရေးနှင့် စာ‌ပေယဉ်‌ကျေးမှုကိုကာကွယ်ရေး လုပ်ဆောင်နေသည့် အနယ်နယ်အရပ်ရပ်ရှိ အသက် ၃၅ နှစ်အောက် ကရင်လူငယ်များအား ဖန်းဖောင်ဒေးရှင်းမှ နှစ်စဥ် ရွေးချယ်ဂုဏ်ပြုသည့်ဆုတစ်ခုလည်း ဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ် သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU-အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ ဇနီးဖြစ်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများမှ တည်ထောင်သည်။ 

၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဥ်ဆုချီးမြှင့်ခဲ့ရာ ယခုတစ်ကြိမ်အပါအဝင် ဆုရရှိသူ(၁၈)ဦး ရှိလာပြီဖြစ်သည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...