ရွေးကောက်ပွဲပြီးနောက် စစ်ခေါင်းဆောင်က ကိုယ်စားလှယ်အသုံးစရိတ် တိုးမြှင့်ပေး

ရွေးကောက်ပွဲပြီးနောက် စစ်ခေါင်းဆောင်က ကိုယ်စားလှယ်အသုံးစရိတ် တိုးမြှင့်ပေး
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)

ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က အများစု အနိုင်ရရှိပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသဦးစီးအဖွဲ့ဝင်များ၏ အသုံးစရိတ်ကို တိုးမြှင့်ပေးလိုက်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ဝင်များ၏ တည်းခိုးနေထိုင်စရိတ် ၅,၀၀၀ ကျပ်အစား ၈,၀၀၀ကျပ်၊ အခြားအသုံးစရိတ် ၅,၀၀၀ ကျပ်အစား ၇,၀၀၀ ကျပ် နှင့် ချီးမြှင့်ငွေနှင့် စရိတ် ၁၀,၀၀၀ ကျပ် အစား ၂၀,၀၀၀ ကျပ် သို့ တိုးမြှင့်ပြောင်းလဲကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) ရက်စွဲဖြင့် စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တည်းခိုနေထိုင်စရိတ် နှင့် အခြားအသုံးစရိတ်များသည် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်သည့်အခါ ရသည့် အသုံးစရိတ်ဖြစ်ပြီး လစာနှင့် သက်ဆိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်၌ လွှတ်တော်တက်ရသည့် ရက်များတွင် အသုံးစရိတ်နှင့် ခရီးသွားလာ တည်းခိုစရိတ်အတွက် တရက်လျှင် ၂၀,၀၀၀ ကျပ် ရရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦးထံမှ သိရသည်။

“လွှတ်တော်တက်ရတဲ့ တရက်အတွက်ရတာ။ လွှတ်တော်ကလည်း အမြဲတမ်း ကျင်းပတာမဟုတ်ဘူးလေ။ အမြဲပုံမှန်တော့မရှိဘူး။ တခါတလေ နှစ်လခွဲလောက်ရှိပြီး တခါတလေ တလမှာ မတက်ရတဲ့ ခါတွေလည်း ရှိတယ်။ တနေရာနဲ့တနေရာ ခရီးစရိတ်အကွာအဝေး ပေါ်မူတည်ပြီး ရတာလည်း မတူဘူး” ဟု NLD လက်ထက် ရန်ကုန်တိုင်းမှလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တလလျှင် ၁၀ သိန်း ကျပ် ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ၅၀၀,၀၀၀ ကျပ် လစာရရှိကြောင်း သိရသည်။

လက်ရှိ စစ်ခေါင်းဆောင်က တိုးမြှင့်ပေးသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် အသုံးစရိတ်သည် လစာပြင်ပ လွှတ်တော် တက်ရမည့် ရက်များတွင် ရရှိမည့် အသုံးစရိတ်များဖြစ်သည်။

စစ်အုပ်စုက ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၂) အထိ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၆၀၇ ဦးအနက် စစ်တပ်ကျောထောက်နောက်ခံပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ၄၇၁ ဦး အနိုင်ရရှိထားကြောင်း Data for Myanmar ၏ အချက်အလက်အရ သိရသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့၌ မြို့နယ် ၁၀၀ နှင့် အပိုင်း(၃) ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်၌ ကျင်းပခဲ့သည်။

ရွေးကောက်ပွဲပြီးပါက လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး အနိုင်ရသည့် အစိုးရကို လုပ်ငန်းစဉ်အတိုင်း နိုင်ငံတော်တာဝန် လွှဲပြောင်းမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...