LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း

LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း

မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)လူငယ်၊ ကိုတင်ဇော်ထွေး(ခ)ဧရာဝတီမ သတ်ဖြတ်ခံလိုက်ရသည့်အမှုတွင် ကျူးလွန်သူတရားခံများကိုဖမ်းမိရေး မဲဆောက်မြို့ရှိ LGBT ကွန်ရက်၊ တက်ကြွလှုပ်ရှားသူများက အာဏာပိုင်များနှင့်ပူးပေါင်းကြိုးပမ်းနေကြောင်း သိရသည်။

အသက်(၃၀)ဝန်းကျင်အရွယ် အဆိုပါ LGBT လူငယ်အား ဇန်နဝါရီလ(၂၀)ရက်နေ့က တောင်ယာစိုက်ကွင်းခြံဝင်းတစ်ခုအတွင်း ပစ္စည်းလုယက်သတ်ဖြတ်ခံလိုက်ရသည့်အနေအထား၊ ဒဏ်ရာဒဏ်ချက်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အပေါ် မဲဆောက်မြို့ရှိ LGBT အသိုင်းအဝိုင်းက ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နယ်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းချိတ်ဆက်ကူညီဆောင်ရွက်နေကြောင်း LGBT ကွန်ရက်တာဝန်ရှိသူ ကိုလွင်ကိုဦးက ဆိုသည်။

“ပစ္စည်းလုယူတာတင်မကဘူး။ သတ်ဖြတ်သွားတဲ့အထိပါဆိုတော့ စိတ်မကောင်းဘူး။ အမှုမှန်ပေါ်ပေါက်ရေးကိုလည်း သက်ဆိုင်ရာမိသားစုဝင်တွေနဲ့အတူ ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးတော့ တရားခံမိအောင် ကျနော်တို့ကြိုးပမ်းသွားမယ်။ ကျနော်တို့ LGBTကွန်ရက်အနေနဲ့လည်း ပြင်းပြင်းထန်ထန်ရှုံ့ချသွားဖို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူကိုတင်ဇော်ထွေးသည် လူမှုကွန်ရက်တွင် လူသိများအောင်မြင်နေသည့် အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ်၊‌ ရေကျော်ကြီးကျေးရွာဇာတိ ဖြစ်သည်။ 

အာဏာပိုင်များက သေမှုသေခင်းစုံစမ်းချက်အရ အကြမ်းဖက်သတ်ဖြတ်ခံရလိုက်သည့်အနေအထားရှိ၍ ကျူးလွန်သူတစ်ဦးထက်မနည်းပိုနိုင်ကြောင်းလည်း သူ၏မိသားစုဝင်ထံက ဆိုသည်။

“တစ်ယောက်မကတဲ့လူအင်အားနဲ့ သူ့ကိုလိမ်ညာချိန်းခေါ်ပြီး လုပ်သွားတာမျိုးတွေ့ရတယ်။ လုပ်သွားတဲ့သူတွေကိုမိဖို့ အားလုံးကြိုးစားနေတယ်။ CCTV ကရတဲ့ အထောက်အထား၊ မျက်မြင်ရှိခဲ့တဲ့သူတွေရဲ့အကူအညီနဲ့ဖမ်းမိဖို့လုပ်နေကြတယ်” ဟု သေဆုံးသူ၏မိသားစုဝင်က ပြောသည်။

ကိုတင်ဇော်ထွေး၏ရုပ်အလောင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၂၃) ရက်နေ့က မဲဆောက်ဆေးရုံကြီးတွင် သေမှုသေခင်းစစ်ဆေးပြီးနောက် ကျောင်းကြီးကျောင်းတိုက်တွင်ထားရှိကာ သံဃာတော်များဖြင့် အသုဘရှုတရားနာဆွမ်းကပ်ပြုလုပ်ခဲ့သည်။

ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် ကျောင်းကြီး ကျောင်းတိုက်မှ မဲဆောက်မြို့ရှိ မြူနီစပါယ်(ထေ့စဘန်း) သုဿာန်သို့ပို့ဆောင်သင်္ဂြိုလ်ခဲ့ကြောင်းလည်း မိသားစုဝင်များက ပြောသည်။

Most read this week

Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...
January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...
January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...