မြဝတီမြို့ပေါ်မှ KNA များ စတင်ထွက်ခွာ

မြဝတီမြို့ပေါ်မှ KNA များ စတင်ထွက်ခွာ
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)

စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ ထွက်ခွာရန် ကြေညာချက်ထုတ်ပြီးနောက် KNA တပ်သားများ မြဝတီမှ စတင်စွန့်ခွာနေကြပြီဖြစ်ကြောင်း မျက်မြင်သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဆက်ဆံရေးရုံးတာဝန်ခံများနှင့် တွေ့ဆုံစဉ် တပ်မ (၂၂) တပ်မမှူးက KNA ဖွဲ့စည်းခြင်းသည် စစ်ကော်မရှင်က တရားဝင်ခွင့်ပြုပေးထားခြင်းမဟုတ်၍ KNA တပ်ဖွဲ့ဝင်များ မြို့ပေါ်တွင် နေထိုင်ခွင့်မပြုကြောင်းနှင့် ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထား၍ မြို့မှ ထွက်ခွာရန် ပြောခဲ့ကြောင်း သိရသည်။

“နှစ်ရက်လောက်ရှိပြီ ဒီနေ့လည်းပါတယ်ပေါ့။ အဲ့ဒီ KNA ဘက်တံဆိပ်နဲ့ အဖွဲ့တွေ ရွှေ့နေကြတာတွေ့တယ်။ တံတား (၂) ဘေးမှာရှိတဲ့ ကာစီနိုရုံတွေ KNA တွေလုံခြုံရေးယူထားတဲ့ ကာစီနိုရုံတွေ ရွှေ့ပြောင်းနေတာမျိုးတွေ တွေ့ရတယ်။ သူတို့က ၂၅ ရက်နေ့ အပြီးရွှေ့ရမယ်ဆိုတော့ တချို့ဆို ဒီနေ့ဆို ရွှေ့ပြီး ပိတ်သိမ်းလိုက်ပြီ။ သိရသလောက်တော့ သေ့ကတီဘက်ကို ရွှေ့တယ်” ဟု မြဝတီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

သတင်းရင်းမြစ်၏ ပြောကြားချက်အရ တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်၌ လုံခြုံရေးယူထားသည့် KNA တပ်ဖွဲ့များအား BGF ၏ တပ်နယ် (၂) အခြေချရာ ဒေသများဘက်သို့ ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင် တပ်မမှူးက မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တိုက်ခိုက်ခံရပါက မြဝတီမြို့မှ နေရာ ၁၈ ခုအား ဗုံးကြဲရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ DKBAနှင့် PC ကဲ့သို့သော NCA တပ်များက မြဝတီမြို့လုံခြုံရေးအတွက် စစ်ကော်မရှင်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန်လည်း ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

မြဝတီမြို့ပေါ်မှ မောင်းထုတ်ခြင်းနှင့် ခလရ (၂၇၅) တိုက်ခိုက်ခံရပါက ဗုံးကြဲမည်ဟု ပြောခြင်းသည် စစ်ကော်မရှင်တပ်က KNA အား ဖိအားပေးသည့် သဘောဖြစ်ကြောင်း ကရင့်အရေးစောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

“ အဓိကကတော့ ၁။ KNA ဖွဲ့စည်းမှုပေါ် သူတို့ အသိအမှတ်မပြုဘူးဆိုတာကို သတိပေးတဲ့သဘော ၂။ မြဝတီ မြို့နယ်တွင်း စီမံခန့်ခွဲအုပ်ချုပ်မှု ရှုပ်ထွေးမှုကို ရှင်းထုတ်တဲ့သဘော ၃။ အကယ်၍ ပြောဆိုတဲ့အတိုင်း မလိုက်နာခဲ့ရင် သူတို့အထိုင်နေရာတွေအတိုက်ခံရရင် ရွှေကုက္ကိုတို့လို အခြား KNA ထိန်းချုပ်ထားတဲ့ အကျိုးစီးပွားနေရာတွေကို လေကြောင်းကနေ ဖျက်ဆီးပစ်မယ်ဆိုတဲ့ ဖိအားပေးမှု/ ရာဇသံပေးမှုဖြစ်မယ်။ ၄။ စကစ သူချည်းသက်သက်နဲ့ စစ်ဖြစ်လာရင် ကာကွယ်နိုင်တော့ အခြေအနေမရှိတဲ့ သဘောရှိနေတယ်။ ၅။ BGF နဲ့ KNA တည်ရှိမှုကိုလည်း သူခွဲထုတ်လို့ မရဘူးဖြစ်တော့ စည်းတားတဲ့သဘောပေါ့” ဟု ၈၈ မျိုးဆက် တော်လှန်ရေးခေါင်းဆောင်ဟောင်းတဦးကလည်း သုံးသပ်ပြောကြားသည်။

မြဝတီမြို့နယ်သည် စစ်ကော်မရှင်တပ်သာမက KNA/ BGF၊ DKBA၊ KNU/ KNLA- PC တပ်များ လှုပ်ရှားသွားလာရာဒေသဖြစ်ပြီး မြို့လုံခြုံရေးကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည့်အဖွဲ့များဖြစ်ရာ ယခုလို KNA အား မြို့မှမောင်းထုတ်ခြင်းကြောင့် တိုက်ပွဲများဖြစ်လာနိုင်ချေ ရှိ ၊ မရှိ အပေါ် မြဝတီမြို့နယ်၌ နေထိုင်သည့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

“ အားလုံးက စိုးရိမ်စိတ်ရှိနေကြတယ် ၂၅ ရက်နေ့မှာ ဘာဖြစ်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြတယ်။ နောက်ပြီး အင်တာနက် ဝိုင်ဖိုင် ကုမ္ပဏီတွေကလည်း ပြောလာတာရှိတယ်။ ဒီအတောအတွင်းမှာ အင်တာနက်တွေ ပြတ်တောက်မယ့်အနေအထားရှိတယ်” ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

မြဝတီဒေသခံအမျိုးသမီးတဦးကလည်း “ အစ်မတို့တော့ မုလအိဘက်ကို ရွှေ့လာကြပြီ။ တိုက်ပွဲဖြစ်မယ်လို့ပြောနေကြတယ်။ အိမ်မှာက တိ ( အိမ်မွေးတိရစ္ဆာန် ) တွေရော၊ လူကြီးရောရှိတော့” ဟု ပြောသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ်အချို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် လွတ်လပ်ပြီး သီးခြားရပ်တည်လို၍ဟုဆိုကာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် တရားဝင်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်က KNA တပ်များအား မြဝတီမြို့ပေါ်မှ ထွက်ခွာစေခြင်းနှင့် ပတ်သက်၍ မဇ္ဈိမက BGF/KNA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

Most read this week

January 23, 2026
MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့်...
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)
January 22, 2026
ဓါတု — ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်တာအတွင်း အရပ်သား ၂,၀၃၅ ဦးကို...
စည်သူပလပ်ကျွတ်ကို ၎င်း၏ တစ်တော့အကောင့်တွင် ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက တင်ထားသော ပိုစ့်၌တွေ့ရစဉ် ။
January 21, 2026
ဂျူချန်း — ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်...
January 20, 2026
ဟန်ထူးဇော် — DKBA နာယက စောစတီး၏ သား ဗိုလ်မှူးကြီးစောအဲ့လယ်ထူး ဦးဆောင်သည့် Deeko Park...