ကရင်နီပြည်က မြို့လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာမှာ ရွေးကောက်ခံ ပါတီတွေ အလိုအလျောက် အနိုင်ရ

ကရင်နီပြည်က မြို့လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာမှာ ရွေးကောက်ခံ ပါတီတွေ အလိုအလျောက် အနိုင်ရ

ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ ပါတီတွေက အလိုအလျောက် အနိုင်ရထားတာကို ဖားဆောင်းမြို့နယ်မှာ အနိုင်ရသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကိုယ်စားလှယ် ဒေါ်နှင်းနှင်းရီက သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ် ၃ ဦးက ကရင်နီပြည်၊ မဲဆန္ဒနယ်အမှတ် ၁ မှာပါဝင်တဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ အချိုးကျကိုယ်စားပြုစနစ်( PR ) နဲ့ အနိုင်ရထားကြတာပါ။

မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ် တို့မှာ အနိုင်ရထားတာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေက မြို့လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကြေညာထားခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီ မြို့နယ် သုံးခုထဲ မယ်စဲ့မြို့နယ် နဲ့ ရှားတောမြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အလုံးစုံ ထိန်းချုပ်ထားသလို ဖားဆောင်းမြို့နယ်မှာတော့ စစ်ကော်မရှင်တပ်ရင်းတခုသာ ကျန်ရှိပြီး မြို့နေလူထုတွေက တိမ်းရှောင်နေကြတာပါ။

မယ်စဲ့မြို့နယ်မှာ ကယားပြည်နယ်ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးဇော်မင်းဦး၊ ဖားဆောင်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ‌ဒေါ်နှင်းနှင်းရီ၊ ရှားတော မြို့နယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ် ဦးစိုးညွန့် တို့က အလိုအလျောက် အနိုင်ရရှိထားကြပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ တုန်းကလည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၁၅ ခုမှာ ကိုယ်စားလှယ် ၁၅ ဦး အလိုအလျောက် အနိုင်ရခဲ့ပြီး ၁၄ ဦးက ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၆၃ ခုမှာ ကျင်းပသွားမှာပါ။ လာမယ့် မတ်လမှာ အနိုင်ရကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့မယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...