လောင်းလုံးတွင် မဲစာရင်းလာကောက်ချိန် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီး အရပ်သား(၃)ဦးသေဆုံး

လောင်းလုံးတွင် မဲစာရင်းလာကောက်ချိန် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီး အရပ်သား(၃)ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် စစ်အုပ်စုလုံခြုံရေးယူပေးသည့်အဖွဲ့ မဲစာရင်းလာကောက်ချိန် ယမန်နေ့(ဇန်နဝါရီလ ၂၀ရက်နေ့)က ဒရုန်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသမီး(၃)ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့ခံအသိုင်းအဝိုင်းမှ သိရသည်။

ဒရုန်းဗုံးကျချိန် စခန်းကြီးကျေးရွာအတွင်း နေအိမ်နှစ်အိမ်တွင်ရှိနေသည့် အသက်ပြည့်ပြီးသူအမျိုးသမီး(၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသက်မပြည့်သေးသောကလေးအပါအဝင် နောက်ထပ်(၂)ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု လူ့အခွင့်အရေးတက်ကြွဆောင်ရွက်နေသည့် လောင်းလုံးဒေသခံအမျိုးသားက ပြောသည်။

“မဲစာရင်းကောက်နေတုန်း ဒရုန်းချလိုက်တာကို အဲဒီအနီးအနားမှာရှိနေတဲ့ ပြည်သူတွေနေအိမ်ပေါ့နော်၊ အဲဒီကိုကျပြီး အမျိုးသမီး(၃)ယောက်သေတာ၊ ကျနော်သိတာတော့။ ယောင်္ကျားတစ်ယောက်နဲ့ကလေးနဲ့က ဒဏ်ရာရတယ်။ မဲလိုက်ကောက်နေတဲ့အချိန်ဖြစ်တာဆိုတော့ တော်လှန်ရေးအဖွဲ့လုပ်တာထင်တယ်။ ပစ်မှတ်လွဲသွားတယ်လို့ပဲ ပြောရမလား” ဟု အဆိုပါအမျိုးသားက ပြောသည်။

ဇန်နဝါရီ(၂၅)ရက်နေ့တွင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် တနင်္ဿာရီတိုင်းအနေဖြင့် လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ်(၃)ခု၌ ကျင်းပသွားရန် စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစစ်ရေးစိုးမိုးလှုပ်ရှားမှုရှိသည့် လောင်းလုံးမြို့နယ်တွင်မူ မြို့ပေါ်ရပ်ကွက်အနည်းစုနှင့် စခန်းကြီးရွာအုပ်စု၊ ကမြောကင်းကျေးရွာအုပ်စုတို့တွင်သာ မဲရရှိရေးအတွက် စစ်အုပ်စုလှုပ်ရှားနိုင်သည်ဟု လောင်းလုံးဒေသခံများက ဆိုသည်။

ယမန်နေ့က ဒရုန်းတိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်း မသိရသလို ထုတ်ပြန်ချက်လည်းမတွေ့ရသေးပါ။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အဲဒါဘယ်အဖွဲ့ကလုပ်သလဲမသိဘူး။ သတင်းမှာပါလာတာပဲ ကျနော်တို့သိတယ်။” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်လက်မခံကြောင်း တနင်္သာရီတိုင်းအတွင်းရှိတော်လှန်ရေးတပ်ဖွဲ့အများစုအပြင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၄)ဘက်က ထုတ်ပြန်ပြောဆိုထားပြီးဖြစ်သည်။ 

ထို့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ-NUG လက်အောက်ခံတပ်များနှင့် ကေအဲန်ယူတပ်မဟာ(၄)တပ်ဖွဲ့များ စုပေါင်းထားသည့် BCT-4 (Brigade-4 Coordination Team) ကလည်း ရွေးကောက်ပွဲဖြစ်မြောက်အောင် ကူညီနေသူများကို ခွင့်ပြုမထားနိုင်ကြောင်းကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၃)ရက်နေ့က စာထုတ်သတိပေးခဲ့ဖူးသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...