မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး အလဲအထပ်လုပ်ခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုလိုက်သည်။
စစ်ကော်မရှင်က ကချင်ပြည်ရှိ မြစ်ဆုံစီမံကိန်းအား ပြန်လည် အကောင်အထည်ဖော်ရန် ကြိုးပမ်းလာမှုသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအတွက် တရုတ်အစိုးရထံမှ ထောက်ခံမှုရယူရန်နှင့် နိုင်ငံတကာတွင် တရားဝင် မှု ရရှိရန် ရည်ရွယ်သည့် “နိုင်ငံရေးအလဲအထပ်” တစ်ခုသာဖြစ်ကြောင်း ထောက်ပြမှုများ ရှိနေသည်။
နိုင်ငံတကာ၏ အပယ်ခံဖြစ်နေရသော စစ်ကော်မရှင်သည် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများမှ လွတ် မြောက်ရန် မြစ်ဆုံစီမံကိန်းအား နိုင်ငံရေးလက်ကွက်တစ်ခု အနေဖြင့် အသုံးချနေခြင်းဖြစ်ကြောင်း ကချင် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (KHRW) ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က ပြောသည်။
ဂျေကော့က “စစ်ကောင်စီက နိုင်ငံတကာမှာ အပယ်ခံနေရတဲ့ အခြေအနေ ရှိပါတယ်။ စီးပွားရေးအနေနဲ့ရော နိုင်ငံရေး အနေနဲ့ရော အကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို သူတို့က အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ခံမှုတွေ ငွေကြေးတွေကို အကူအညီ ရယူပြီးမှ နိုင်ငံရေး လက်ကွက်တစ်ခုအနေ နဲ့ အသုံးချဖို့ သူတို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
ပြည်သူလူထု၏ ဆန္ဒအရ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရပ်နားခဲ့သည့် မြစ်ဆုံစီမံကိန်းအား စစ်ရေး၊ နိုင်ငံရေး ကျပ်တည်းနေချိန်တွင် အတင်းအကျပ် ပြန်လည်စတင်ရန် ကြိုးပမ်းခြင်းမှာ ၎င်းတို့၏ အာဏာတည်မြဲရေး အတွက်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း တုံ့ပြန်ထားသည်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အခုလိုအချိန်မှာ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ကြိုးစားတာဟာ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ဝေဖန်ခဲ့သည်။
စစ်ကော်မရှင်သည် မြစ်ဆုံစီမံကိန်းကို လက်နက်သဖွယ် အသုံးချကာ ၎င်း၏ နောက်ဆုံးကျည်ဆံအဖြစ် အသုံးချနေခြင်းဖြစ်ပြီး၊ ယင်းစီမံကိန်းကြောင့် ကချင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပိုမိုကြီးထွားလာနိုင် ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ သတိပေးသည်။
စီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ ရေကြောများ ပျက်စီးနိုင်သည့်အပြင် စစ်ကော်မရှင်က ယင်းဒေသအား ထိန်းချုပ် ရန် အကြမ်းဖက်နည်းလမ်းများကို ပိုမိုသုံးစွဲလာနိုင်ကြောင် KWAT မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ် က ပြောသည်။
ဆန်ထွယ် က “မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖြစ်တယ်ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ရေကြောအကုန်လုံးကို ပျက်စီးစေတဲ့ အရာတွေအများကြီးရှိတယ်။ ဒါကို လက်တွေ့ ဆက်လက်လုပ်ဆောင်မယ်ဆိုရင်တော့ ပဋိပက္ခတွေ ပိုပြီးမှ တိုးပွားစေမယ်၊ မြန်မာစစ်တပ်အနေနဲ့လည်း ဒီဒေသကို ထိန်းချုပ်ဖို့အတွက် ရရာနည်းလမ်းနဲ့ သူတို့ ဆက်ပြီးလုပ်မယ်။ ပိုပြီးမှ Violence Action (အကြမ်းဖက်မှု)တွေနဲ့ ကချင်ဒေသကို ထိန်းချုပ်ဖို့သူတို့ ကြိုးစားလာမယ့် အခြေအနေလည်း တွေ့ရတယ်။ ဒါက အသေအကြေ အပျက်အစီး ပိုများစေမယ့် လုပ်ရပ်လည်း ဖြစ်လာနိုင်တယ်ပေါ့နော်” ဟု သုံးသပ်သည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံမှ SPICYN ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်း ဒုတိယ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ကချင်ပြည်သို့ သွားရောက်ကာ မြစ်ဆုံဒီဇိုင်းအသစ်များ အတွက် တရုတ်နှင့် ညှိနှိုင်းနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တစ်ဖက်တွင်လည်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး (ကာလုံ) က စီမံကိန်းနှင့် ပတ်သက်၍ အထောက်အထား မခိုင်လုံဘဲ ကန့်ကွက်ပါက အရေးယူမည်ဟုဆိုကာ ပြည်သူလူထုအား ဥပဒေဖြင့် ခြိမ်းခြောက်ထားသည်။
သို့သော်လည်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) အပါအဝင် ဒေသခံအဖွဲ့အစည်းများကမူ ပြည်သူ့ဆန္ဒမပါသည့် မြစ်ဆုံစီမံကိန်းအား လုံးဝကန့်ကွက်ကြောင်း ဆက်လက် ထုတ်ဖော်ပြောဆိုနေကြသည်။







