ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်

ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ တိုက်ပွဲပြန်လည်ပြင်းထန်လာတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်ပေမဲ့ မနေ့က မနက် ၆ နာရီလောက်ကနေ ပြန်လည်ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ဘက်က လေယာဉ်ဗုံး၊ ဒရုန်းဗုံး၊ လက်နက်ကြီးတွေနဲ့ အားစိုက်တိုက်ခိုက်နေတယ်လို့လည်း ဆိုထားပါတယ်။

ဗန်းမော်မြို့ရဲ့ ဘယ်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်၊ တိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မကြားရပေမဲ့ မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ လက်နက်ကြီးပစ်မှုရှိတွေရှိတယ်လို့ ကြားရတဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ပုံမှန်ထက် တစ်ခါတလေ ပိုပြီးပြင်းထန်တဲ့ အနေအထားဖြစ်မယ်။ ထူးခြား သတင်းပို့တာတော့ မရှိဘူး။ ပိုပြီး အသံမြည်တယ်လို့တော့ ပြောကြတယ်။ လက်နက်ကြီးတွေ ပိုမြည်တယ်လို့ ပြောတယ်။ ဘယ်မှာပိုပြင်းထန်တယ် ဆိုတာကတော့ ပြောဖို့ခက်တယ်။"လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့မြေပြင် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး နေ့တိုင်းလိုလို တိုက်ပွဲတွေ ရှိပြီးတော့ တိုက်ပွဲဟာ ပြင်းထန်တဲ့နေ့ရှိသလို မပြင်းထန်တဲ့နေ့လည်း ရှိတာကြောင့် တစ်နေ့နဲ့ တစ်နေ့ တိုက်ပွဲအခြေအနေ မတူဘူးလို့လည်း ထပ်မံပြောပြပါတယ်။

မနေ့က တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးမတော်(KIA)တပ်ဖွဲ့တွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ခြေကုတ်စခန်းတစ်ခုဖြစ်တဲ့ ထောက်ပံ့ရေးတပ် ထပရ-၉၃၃ ကို သိမ်းပိုက်ရရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စခန်းသိမ်းပိုက်မှု အခြေအနေ မကြားရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေစပြီး ဗန်းမော်မြို့ဘက် တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာပြီးတော့ စစ်ကော်မရှင်တပ်ကနေ ထိုးစစ်ဆင် နေရာယူထားတဲ့ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်နိုင်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်တိုက်ပွဲ‌တွေ အနည်းငယ်ငြိမ်သက်ခဲ့ပြီး မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြန်လည်ပြင်းထန်လာတာပါ။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့က စစ်ကော်မရှင်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ဖွဲ့တွေကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ တစ်နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်လောက်အချိန်အတွင်း မြို့ရဲ့ သုံးပုံ နှစ်ပုံကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် မိုးရာသီအကုန် နောက်ပိုင်းမှာတော့ စစ်ကော်မရှင်ဘက်က စစ်ဆင်ရေး ပြင်းပြင်းထန်ထန် ပြန်လည်လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားဖူးပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...