ဟုမ္မလင်းမြို့မှာ စားသောက်ကုန်စျေးနှုန်း ကြီးမြင့်နေဆဲ

ဟုမ္မလင်းမြို့မှာ စားသောက်ကုန်စျေးနှုန်း ကြီးမြင့်နေဆဲ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ကို ကုန်တင်စက်လှေတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ကပ်ရောက်ရှိခဲ့ပေမယ့် အခြေခံစားသောက်ကုန်စည်တွေမပါတာကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေဆဲဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ် စက်တင်ဘာလမှာ မုံရွာကနေ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ကုန်တင်စက်လှေအစီး (၂၀၀) ဝန်းကျင်ဟာ ချင်းတွင်းမြစ်မှာသုံးလကြာပိတ်မိခဲ့ပြီးနောက် ဇန်နဝါရီလဆန်းပိုင်းမှာမှ ဟုမ္မလင်းမြို့ပေါ် ကို ဆိုက်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ကုန်တင်စက်လှေအစီး (၂၀၀) ကျော်ဟာ ကလေးဝနယ်ကနေ ပြန်လည်ဆန်တက်လာခဲ့ပေမယ့် ဟုမ္မလင်းမြို့နယ်ထဲမှာ အများအပြားပြန်လည်ပိတ်ဆို့ခံထားရပြီး အစီး(၂၀)သာ ဟုမ္မလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

“ ကုန်မပါဘူး။ စက်လှေအစီး (၂၀) က ဆီတွေပဲရောက်ခဲ့တာ။ ကုန်က မနက်ဖန် (၁၅) ရက်နေ့မှာဖွင့်ပေး မယ်လို့တော့ပြောတယ်။ မသေချာဘူး (၁၅) ရက်နေ့မှာ ဖွင့်ပေးမယ်မဖွင့်ပေးဘူးက ကုန်တွေကတော့နည်းနည်ပါးပါးတော့ပါခဲ့တယ်၊ စက်လှေနားမှာ တစ်ဖာ နှစ်ဖာ တစ်အိတ်နှစ်အိတ်ပါခဲ့တယ် ဈေးတော့များတယ်” လို့ ဒေသခံ အမျိုးသမီးက ပြောပြပါတယ်။

လက်ရှိမှာ ဟုမ္မလင်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းအဆမတန်မြင့်တက်နေပြီး ကုန်စည်စီးဆင်းမှုများလည်းပြတ်လပ်နေတာကြောင့် စားသုံးဆီတစ်ပိဿာ (၃) သောင်းကျပ် အထိ ဝယ်ယူနေရတယ်လို့ ဒေသများထံမှ စုံစမ်းသိရှိရပါတယ်။

“ ကြက်သွန်နီကတော့ဈေးမများပါဘူး။ ကြက်သွန်နီကတော့ (၂၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူက (၄၀၀၀၀) ကျပ်၊ ကြက်ဥ (၅၀၀)ဖိုး သုံးလုံး၊ စားဆီ ၁၀ ပိဿာ တစ်ပုံး (၃) သိန်းကျပ်၊ ရှမ်းဆန် က (၁၇၀၀၀) ကျပ်၊ ဧရာမင်း (၂၄) ပြည် ဆန်တွေကတော့ (၂၄၀၀၀၀) ကျော် ပေးဝယ်နေရတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ကုန်စည်လမ်းပိုင်းတွေဟာ မဟာမြိုင်လမ်း၊ ကောလင်း- ပင်လည်ဘူးလမ်း နဲ့ ချင်းတွင်းမြစ်ကို အဓိကထားပြီး ကုန်စည်ပို့ဆောင်မှုများလုပ်ဆောင်နေကာ အာဏာသိမ်းပြီးနောက်ပိုင်းကုန်းလမ်းရော ရေလမ်းပါ တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားလိုက်တာလည်းဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်ကို (၂၀၂၁)ခုနှစ်နောက်ပိုင်းမှာ ဗန်းမောက်-အင်းတော် လမ်းပိုင်းကနေ ကုန်စည်များ တင်ပို့ခဲ့ပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီးနောက် မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်သွားတာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...