ခေါင်လန်ဖူးမြို့နယ်ရှိ ကျေးရွာ ၇ ရွာက စစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲနေ

ခေါင်လန်ဖူးမြို့နယ်ရှိ ကျေးရွာ ၇ ရွာက စစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲနေ

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲ ရင်ဆိုင်နေရတာ ၄ လလောက်ရှိပြီလို့ သိရပါတယ်။

ဟင်းခပ်အမွှေးအကြိုင် ရှောင်ကောကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြတဲ့ ဒိန်ခက်၊ မရော့၊ အင်္ဂါဂါး၊ လကျန်းဂါး၊ မဗြုန်း၊ ဒိန်ဘူ/ဒိန်ဆာ နဲ့ အင်ခါးဂါး စတဲ့ရွာ ၇ ရွာလောက်က ဒေသခံပြည်သူတွေဟာ ရှောင်ကောရိတ်သိမ်းချိန်မှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ 

တောတောင်တွေထဲ တိမ်းရှောင်နေကြရပြီး စစ်ကော်မရှင်တပ်က ကုန်းကြောင်း၊ ရေကြောင်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် အကူအညီတွေလည်း မရောက်ဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတာလို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

"ကူညီလို့မရသေးဘူး။ သူတို့(စစ်တပ်)လမ်းတွေ၊ စစ်လှေလမ်းကြောင်းတွေမှာ အားလုံးပိတ်ထားကြတဲ့အတွက် ဆန်အိတ်သယ်တာမျိုးတွေရှိရင်၊ စက်လှေကြီးကသွားလို့ကိုမရတာ။ ဆန်အိတ်သယ်တာမျိုးရှိရင် သူတို့လိုက်တားပြီး လှည့်ပြန်ခိုင်းနေတယ်။" လို့ ဒေသခံက ဆိုပါတယ်။

စစ်ကော်မရှင်က လေကြောင်းနဲ့ အင်အား ၁၀၀ လောက်ကို ပူတာအိုကိုလာရောက် ပို့ဆောင်ထားတာလည်းရှိပြီး တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို အင်အားဖြည့်ဖို့ဖြစ်နိုင်ကြောင်းလည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

လမ်းကြောင်းတစ်လျှောက် စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် ပူတာအိုမြို့ဘက်ကို သွားလို့လည်းမရကြသလို ပူတာအိုဘက်ရောက်နေတဲ့ ရွာသားတွေကလည်း မိမိတို့ကျေးရွာဘက်ကို ပြန်လို့မရတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

အဲဒါကြောင့် စစ်ရှောင်တွေဟာ စောင်၊ အခင်း၊ အနွေးထည်နဲ့ ဆေးဝါးတွေ လိုအပ်နေကြပြီး အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

စစ်ကော်မရှင်တပ်ဘက်က KIA တပ်က တပ်စွဲနိုင်ချေရှိတဲ့ နေရာတွေကို လေကြောင်းနဲ့ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် ရွာလုံးကျွတ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း လန်ဆယ်ဒေသဘက် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာကနေ ခေါင်လန်ဖူးဘက်မှာလည်း ဖြစ်ပွားခဲ့တာပါ။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...
April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...