နေပြည်တော်တွင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဦးဆောင်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း 7 EAO Alliance မှ လူငယ်များပါဝင်တက်ရောက်နေသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပနေကြောင်း သိရသည်။
လူငယ်ငြမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး 7 EAO Alliance မှ လူငယ်တွေအပြင် တိုင်းနှင့် ပြည်နယ်မှ လူငယ်များလည်း တက်ရောက်ကြသည်ဟု ဆိုသည်။
“7 EAO က NCA လမ်းကြောင်းကိုပဲ ဆုတ်ကိုင်ထားတယ်ဗျ၊ ဆုတ်ကိုင်ထားတဲ့အတွက် အခု NCA လမ်းကြောင်းအပေါ်က ၁၃ ရက်နေ့ဆိုရင် EAO လူငယ်ပိုင်းပေါ့။ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားလူငယ် ၃၀၀၊ ၄၀၀ ကြားလောက်က နေပြည်တော်မှာ စုဝေးပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတိုင်ပင်ကြမှာပေါ့၊ လူငယ်အမြင်ပေါ့ဗျာ၊ ဖလှယ်ကြမယ့်သဘောရှိပါတယ်” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
စစ်အုပ်စုက ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းတွင် လူငယ်များ၏ ဆွေးနွေးချက်များမှာလည်း အထောက်အကူဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်အုပ်စုသည် နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်လို၍ ရွေးကောက်ပွဲအပြီး တစ်ပါတည်းပါလာသော လုပ်ငန်းစဉ်များအနေဖြင့် ငြိမ်းချမ်းရေးဖိုရမ်များ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေသည့် လူငယ်အများအပြားရှိသည်ကို လျှော့ချလို၍ဖြစ်ကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။
"အဓိကက အစစ်မှန် ပြောင်းလဲတာ မပြောင်းလဲတာ ဆိုတာထက်ကို စစ်အုပ်စု ရည်ရွယ်ချက်က ၂၀၂၁ မတိုင်ခင်က နိုင်ငံရေးအခင်းကျင်းကို ပြန်သွားချင်လို့ လုပ်တာဖြစ်တယ်။ တစ်ဖက်မှာလဲ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူငယ်အများပြားရှိတဲ့အတွက်ကြောင့် လျှော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ခေါင်းစဉ်နဲ့ လုပ်တာဖြစ်တယ်။ လုပ်ပီးဆိုရင်လဲ သဘောတရားအရ တိုင်းနဲ့ပြည်နယ် ဒေသအသီးသီးက ကိုယ်စားပြုမှုပါဝင်တယ်ဆိုတဲ့ ပုံရိပ်ကို ပြချင်လို့ ဒေသစုံ နယ်ပယ်အစုံက လူငယ်တွေရော အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေကိုရော ခေါ်တာဖြစ်တယ်" ဟု ပြောသည်။
အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်သည့် လူငယ်များအနက် စစ်အုပ်စုကို ထောက်ခံသည့် လူငယ်များ ပါနိုင်သလို စစ်အုပ်စုကို မထောက်ခံသော်လည်း ငြိမ်းချမ်းချင်သည့် လူ့ဘောင်ကို လိုလား၍ တက်ရောက်သည့် လူငယ်များလည်း ပါနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့ကို ရည်ရွယ်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ၇ ဖွဲ့မှ လူငယ် ၂ နှစ်ဦးစီ တက်ရောက်ခွင့်ရရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
“လောလောဆယ်တော့ EAO တွေ များပါတယ်။ လူမျိုးပေါင်းစုံပေါ့၊ လူငယ်တွေ တက်ရောက်ပါတယ်။ ကျနော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ ၇ ဖွဲ့ကတော့ တစ်ဖွဲ့ကို လူငယ်နှစ်ယောက်စီ ပို့ခွင့်ရပါတယ်။ ကျနော်တို့ ပအိုဝ်းအဖွဲ့ကလည်း ၂ ယောက်ပို့လိုက်ပါပြီ။ အဲဒီတော့ လူမျိုးပေါင်းစုံပါပဲ၊ ကဏ္ဍအလိုက် လူတွေအများအပြားပါကြပါတယ်။ ပြည်နယ်အသီးသီးကလည်း ပို့ကြပါတယ်” ဟု ပြောသည်။
လက်ရှိတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူထားသည့် စစ်အုပ်စုကို နိုင်ငံတစ်ဝန်းမှ လူငယ်အများအပြား နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်လျက်ရှိနေသည်။
Photo - Bobo Win Emr







