စစ်ဘေးနှင့် သဘာဝဘေးကြောင့် ရခိုင်တွင် သဇင်ပန်း စိုက်ပျိုးသူ ရှားပါးလာ

စစ်ဘေးနှင့် သဘာဝဘေးကြောင့် ရခိုင်တွင် သဇင်ပန်း စိုက်ပျိုးသူ ရှားပါးလာ

ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ အလေးမြတ်တန်ဖိုးထားသည့် သဇင်ပန်းများသည် သဘာဝဘေး၊ စစ်ဘေးဒဏ်တို့အပြင် ထိန်းသိမ်းစိုက်ပျိုးသူ နည်းပါးလာသဖြင့် မျိုးတုံးပျောက်ကွယ်သွားမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

သဇင်ပန်းတို့၏ သဘောသဘာဝသည် သဘာဝဘေးဒဏ် ခံနိုင်ရည်စွမ်းအားနည်းသည့်အပြင် ဆက်လက် စိုက်ပျိုးနိုင်ရန် နည်းပညာနှင့် အခြားအကူညီများလိုအပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်က သဇင်ပန်းစိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးသွားခဲ့ရပြီး လက်ရှိတွင် ပြန်လည်လုပ်ငန်းစရန် အကျပ်အတည်းများဖြင့် ကြုံနေကြရသည်။

" မိုခါတုန်းက အိမ်နဲ့ အပင်တွေ ပြိုသွားတယ်။ ဒါပေမဲ့ သဇင်ကို အခန်းထဲမှာ အလုံပိတ်ထားတယ်။ ဘာလို့ဆို ဒီ မိုခါက မိုင်တစ်ရာလောက် ကျရောက်မယ်ဆိုရင် သဇင်တွေဟာ ပျက်စီးသွားနိုင်မယ်ဆိုပြီး သဇင်ကို လုံးဝ သီးသန့် သိမ်းထားလိုက်တယ်။ အပြင်မှာ ကျန်ခဲ့တာတွေက အားလုံး သေသွားတယ်။ အပင်မှာ ကပ်ထားတာတွေလည်း အားလုံးသေတယ် " ဟု ကျောက်တော်မြို့နယ်က သဇင်ပန်းစိုက်ပျိုးသူ ဒေါ် နီနီအောင်က ပြောသည်။

ထို့အတူ ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲအကြား ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရစဉ် နေ့စဉ်ပြုစုရန် မဖြစ်နိုင်ခဲ့သဖြင့် သဇင်ပင်များစွာ သေဆုံးခဲ့ရကြောင်းလည်း ဒေါ်နီနီအောင်က ဆိုသည်။

ဒေါ်နီနီအောင်သည် တပိုင်တနိုင် သဇင်ပန်း စိုက်ပျိုးရေးလုပ်ငန်းများကို ၁၀ နှစ်ကျော်ကြာလုပ်ကိုင်လာသူ ဖြစ်သည်။ ယခင်က သဇင်ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

သဇင်ပန်းပင်များ ရှင်သန်ရန် စိုထိုင်းမှုနှင့် အေးမြမှုကို အလွန်လိုအပ်ပြီး သဘာဝဒဏ်ကို အထူးဂရုပြုရပြီး နေ့စဉ် ရေလောင်းခြင်းနှင့် ဆေးဖြန်းခြင်းအစ အသေးစိတ် စနစ်တကျ ပြုစုမှသာ သဇင်အပင်များ အသက်ရှင်နိုင်ကြောင်း သိရသည်။

" စစ်မဖြစ်မီ တုန်းကတော့ နည်းနည်းလောက် အိမ်မှာ မွေးမြူပြီး စိုက်ကြတယ်။ စစ်ဖြစ်နေတုန်းမှာတော့ သဇင်ကို ဂရုစိုက်ဖို့ မရဘူး။ ပြေးနေရတယ်။ သဇင်ပန်းက ရေမရရင် သေပြီ။ ရေနဲ့ အအေးကို အဓိက လိုအပ်တယ် '' ဟု ဒေါ်နီနီအောင်က ဆိုသည်။

ရခိုင်ပြည်တွင် သဘာဝအတိုင်း ပေါက်ရောက်သည့် သဇင်မျိုးရင်းများမှာ သစ်တောပြုန်းတီးမှုကြောင့် ရှားပါးလာနေပြီး လက်ရှိတွင် သဇင်ပန်းကို စိုက်ပျိုးသူနည်းပါးခြင်းတို့ကြောင့် ထိန်းသိမ်းသူမရှိပါက ထပ်မံ မျိုးတုံးသွားမည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဆက်လက်ပြီး ဒေါ်နီနီအောင်က " အခုပတ်ဝန်းကျင်မှာ ကြည့်ရသလောက် သဇင်ပန်းဟာ မရှိသလောက် နည်းပါးသွားပြီ။ အရင်တုန်းက တောထဲမှာ ထင်းရှာတဲ့သူတွေ သဇင်ပန်းကို တွေ့ခဲ့လို့ လာရောင်းလို့ ရသေးတယ်။ ခုက ပြုန်းတီးလာတဲ့အတွက် ဒီက‌လည်း မရနိုင်တော့ဘူး။ သူတို့ရဲ့ resource (ရင်းမြစ်) က တောတောင်ထဲမှာပဲ ဖြစ်တယ်။ ဒီတောတောင်တွေလည်း ပြုန်းတီးသွားတယ်ဆိုရင် သူတို့ရဲ့ မျိုးတုံးမှုက ၇၅ ရာခိုင်နှုန်းလောက် သေချာပါတယ်။ ဒီချိန်မှာတော့ သဇင်ပန်းကို သေချာ ဂရုစိုက်ရမှာဖြစ်တယ် " ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် သဇင်ပန်းစိုက်ပျိုးသည့် နည်းလမ်းများမှာ သဇင်ပန်းဉကို အုန်းဆံများဖြင့် ရစ်ပတ်ပြီး ကြိုးဖြင့်စည်းနှောင်ကာ ကြိုးတန်းပေါ်တွင် တန်းစီတွဲလျောင်းချ စိုက်ပျိုးခြင်းနှင့် နောက်တစ်နည်းမှာ သဇင် ပန်းဉကို သစ်ပင်များတွင် ပူးကပ်ပြီး စိုက်ပျိုးနည်းတို့ဖြစ်သည်။

သဇင်စိုက်ပျိုးရာတွင် အုန်းဆံဖြင့် စနစ်တကျ ပျိုးထောင်၍ အမြစ်ထွက်လာမှသာ အောင်မြင်ကြောင်း မှတ်ယူ နိုင်ပြီး သဇင်ပန်း မိခင်အဉသည် ပန်းပွင့်ပြီးနောက် သေဆုံးသွားခဲ့ကာ ၎င်းမှတစ်ဆင့် ထွက်လာသော သားဥ များကသာ အသက်ဆက်ခြင်း ဖြစ်သည်။

ယင်းကြောင့် သဇင်ပန်းတစ်ခက်ရရှိရန်အတွက် အနည်းဆုံး အချိန်တစ်လထိ ကြာမြင့်တတ်ကြောင်းလည်း သိရသည်။

" သဇင်ကတော့ ပျိုးရင်အုန်းဆံနဲ့ ပျိုးရတယ်။ အုန်းဆံနဲ့ ပျိုးတာကို သူက တုတ်တံလေးနဲ့ထိုးပြီး စိုက်မှ သူက အမြစ်ထွက်လာတယ်။ ဒီအမြစ်ထွက်လာမှ တစ်ဥကနေပြီးတော့ နှစ်ဉက သုံးဥ ထွက်လာတယ်။ ပင်မဥကတော့ မိခင်ဥပေါ့၊ မိခင်ဥ နောက်မှာ သားဥဆိုပြီး အဥနှစ်ဥ ထွက်လာတယ်။ မိခင်ဉက ပန်းပွင့်မဲ့ တာဝန်ပြီးသွားတော့ နောက်က သားဥတွေ ဥပြီးတာနဲ့ သေသွားတယ်။ သားဥကနေ အတက်ထွက်မှ အတံက ပန်းပွင့်တာပေါ့။ တစ်လလောက် အချိန်ယူမှ သဇင်ပန်း တစ်ခက်ရလာတာ "ဟု ကျောက်တော်မြို့နယ်က သဇင်ပန်းစိုက်ပျိုးသူ ဦးဘိုစံသိန်း ရှင်းပြသည်။

လက်ရှိ ရခိုင်ဈေးကွက်တွင် သဇင်ပန်းတစ်ခက်ကို ငွေကျပ် ၂,၅၀၀ မှ ၃,၀၀၀ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။ သို့သော် ရခိုင်ပြည်တွင် ပွဲလမ်းသဘင်များ နည်းပါးခြင်းကြောင့် အရောင်းအဝယ် နည်းသည်ဟုလည်း နှစ်ပေါင်း ၂၀ အထိ သဇင်ပန်း စိုက်ပျိုးနေသူ ဦးဘိုစံသိန်းက ပြောသည်။

ဦးဘိုစံသိန်းသည် သဇင်ပန်းစိုက်ပျိုးခြင်းလုပ်ငန်းကို ဝါသနာအရ လုပ်ကိုင်နေခြင်းဖြစ်ပြီး စီးပွားဖြစ် လုပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း ခိုင်မာသည့် ဈေးကွက်မရှိသဖြင့် အနည်းငယ်သာ စိုက်ပျိုးနေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ထို့အပြင် သဇင်သည် မြေပေါ်တွင် မပေါက်သလို နေရောင်တိုက်ရိုက်ဒဏ်ကိုလည်း မခံနိုင်သဖြင့် အချိန်တိုင်း ဂရုစိုက်နေရကြောင်း အဆိုပါအမျိုးသားက ဆိုသည်။

သဇင်ပန်းသည် ရခိုင်လူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားဖွယ် သင်္ကေတဖြစ်ပြီး အမျိုးသမီးတို့၏ ဂုဏ်ကို ကိုယ်စားပြုသည့်အတွက် မျိုးမပျောက်အောင် ထိန်းသိမ်းသင့်ကြောင်း သဇင်ပန်း စိုက်ပျိုးသူများက ပြောဆိုကြသည်။

January 13, 2026
စစ်တွေတိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ ယခုရက်ပိုင်းအတွင် စစ်ကောင်စီ ရေတပ်သည်လည်း ကုလားတန်မြစ်ဝ...
ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ ရေလုပ်သားအချို့အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
January 12, 2026
ရခိုင်ဒေသရှိ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ပြင်တွင် ရေသယံဇာတများ တစ်နှစ်ထက်တစ်နှစ်...
January 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေနှင့် ကျောက်ဖြူတို့က လူနာများမှာ ရန်ကုန်ကနေ ဆေးကုပြီး...
January 9, 2026
ဘူးသီးတောင်၊ မောင်တောဒေသမှ စက်လှေဖြင့် ထွက်လာသည့် မွတ်ဆလင် ၂၂၀ ဦးကို စစ်တွေမြို့အနီးက...