စစ်ကော်မရှင်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဒေသခံတွေနဲ့တွေ့ဆုံပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် စည်းရုံးမှုတွေ ထပ်လုပ်လာပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့က စစ်ကော်မရှင်ရဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းတို့က ဒေသခံတွေနဲ့တွေ့ဆုံပြီး မြစ်ဆုံအကြောင်းပြောခဲ့တာလို့ စစ်အုပ်စု သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အဲဒီလို တွေ့ဆုံချိန် ရေအားလျှပ်စစ်ဟာ ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်တဲ့အကြောင်း၊ မြစ်ဆုံစီမံကိန်းကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်မယ့်အကြောင်းတွေနဲ့ စီမံကိန်းအောင်မြင်ရင် ကချင်ပြည်နယ်နဲ့ နိုင်ငံကို အကျိုးပြုမယ့်အကြောင်းတွေ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်တုန်းကလည်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပြည်သူတွေနဲ့တွေဆုံပြီး မြစ်ဆုံစီမံကိန်းကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်မယ့်အကြောင်း ပြောခဲ့ပါသေးတယ်။
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက်လည်း စစ်ကော်မရှင်ဟာ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီးမံကိန်း ဦးဆောင်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားပါတယ်။
ပညာရှင်တွေကတော့ စီမံကိန်းဧရိယာဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) လောက်သာ ဝေးတာကြောင့် ငလျင်ကြီးလှုပ်ခတ်ခဲ့ရင် ရေကာတာကျိုးနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် မြစ်ကြီးနားမြို့ဟာ ရေအောက်မြုပ်သွားနိုင်တယ်လို့လည်း ပြောဆိုမှုတွေရှိထားကြပါတယ်။
ဒါ့အပြင် မြစ်ဆုံဆည်တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဇီဝမျိုးစိတ်တွေရဲ့ အသက်ရှင်မှုအပါအဝင် ပြောင်းလဲမှုမျိုးစုံ ဖြစ်လာနိုင်တာကြောင့် ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေဟာလည်း ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြစ်ဆုံနဲ့ပတ်သက်ပြီး ပြောထားပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေဟာ အစားထိုး မရနိုင်အောင်ကြီးမားပြီး ဆည်ကြောင့် နုန်းမြေစီးဆင်းမှု ရပ်တန့်သွားရင် ဧရာဝတီတိုင်းရဲ့ လယ်ယာမြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာ ဖြစ်သလို မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို လျှံတက်လာပြီး မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး စိုက်ပျိုးလို့မရနိုင်အောင် ပျက်စီးသွားနိုင်တယ်လို့လည်း NUG က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ကချင်ပြည်နယ်နေ့ကလည်း မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး မြစ်ကြီးနား၊ဆင်ဘို၊တာလောကြီး၊ ဝိုင်းမော်၊ မိုးကောင်း စတဲ့မြို့တွေမှာရှိတဲ့ ဒေသအချို့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး ၁၀ စုနှစ်တစ်စုကျော်ကြာ ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပေမဲ့ အခုချိန်မှာတော့ ပြန်လည်အကောင်ထည်ဖော်နိုင်ဖို့အတွက် စစ်ကော်မရှင်က ကြိုးစားနေတာဖြစ်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







