မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပခဲ့သော ၂၀၂၅ ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွက် အကြီးမားဆုံးသော တရားဝင်မှု၊ကိုယ်စားပြုမှုအကျပ်အတည်း (Legitimacy Crisis) ကို ဖြစ်ပေါ်စေခဲ့ပါသည်။
ချင်းပြည်နယ်၏ ၉ မြို့နယ်အနက် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ စစ်ကော်မရှင် ထိန်းချုပ်ထားသော ဟားခါး၊တီးတိန်မြို့တို့တွင်သာ ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ချင်းပြည်နယ် ရှိ စစ်တပ်မှ ထိန်းချုပ်ထားသည့် ဟားခါး နှင့် တီးတိန်မြို့နဲ့ခိုင်ကမ်းမြို့ ပေါ်တွေမှာသာ ကျင်းပခဲ့ကာ ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂ ခု၊အမျိုးသား လွှတ်တော် (FPTP) မဲဆန္ဒနယ် ၂ ခု၊ ကိုယ်စားလှယ် ၆ နေရာပါဝင်သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (PR) တခု၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (FPTP) ၂ ခု၊ ကိုယ်စားလှယ်လောင်း ၉ နေရာ ပါဝင်သော ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (PR) ၁ ခု၊ လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်း ၂၁ နေရာကို ဒီဇင်ဘာလ ၂၈ နေ့မှာရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၏ အမျိုးသားလွှတ်တော်နေရာ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၅) ဦးနှင့် ဇိုမီးအမျိုးသားပါတီ (ZNP) မှ (၃) ဦး၊ ချင်းပြည်နယ်လွှတ်တော်နေရာအတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ (၆) ဦး၊ ဇိုမီးအမျိုးသားပါတီ (ZNP) မှ (၄) ဦး၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) မှ (၁) ဦး၊ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဟားခါးမြို့ နှင့် တီးတိန်မြို့ ၂ နေရာလုံးအတွက် အနိုင်ရရှိခဲ့ပါသည်။
ဤလုပ်ငန်းစဉ်သည် အာဏာသိမ်းစစ်ကော်မရှင်မှ မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ် လူထုဆန္ဒကို ပယ်ဖျက်၍ အချိုးကျကိုယ် စားပြုစနစ်(PR System) သစ်ဖြင့် ၎င်းတို့၏ Political Exit Strategy (နိုင်ငံရေး ထွက်ပေါက်ဗျူဟာ) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည် ။
ချင်းပြည်နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင် အရွေးခံခဲ့ကြပါသည်။
မဲပေးမှုဆိုင်ရာ အချက်အလက်များနှင့် နှိုင်းယှဉ်ချက် (Voter Statistics & Comparison)
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လူဦး ရေ ၅ သိန်း ကျော်နေထိုင်ခဲ့ သော ချင်းပြည်နယ်သည် ၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်ဘေးနှင့်အသက်ရှင်ရပ်တည်ရေးအတွက် ချင်းပြည်ကို လက်ရှိအချိန်အထိ လူဦးရေ ၂ သိန်းခွဲခန့်စွန့်ခွာခဲ့ကြပြီဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများကခန့်မှန်းထားကြပါသည်။
ဟားခါးနှင့်တီးတိန်မြို့ မဲပေးမှုအချက်အလက်များ
မှတ်ချက်။ ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် ကိန်းဂဏန်းများသည် မြို့ပေါ်နှင့် ကျေးရွာများအားလုံးပါဝင်သော တစ်မြို့နယ်လုံးဆိုင်ရာ စုစုပေါင်းစာရင်း ဖြစ်ပါသည်။ တီးတိန်မြို့နယ်အတွက် ၂၀၂၅ မဲစာရင်းသည် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည့် နယ်မြေဒေသအတွင်းရှိ စာရင်းသာ ဖြစ်သောကြောင့် ယခင်နှစ်များထက် လျော့နည်းနေခြင်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ဟားခါးမြို့နယ်၌ မဲပေးခွင့်ရှိသူ ၂၇,၄၇၅ ဦး ရှိသော်လည်း အမှန်တကယ် မဲပေးသူမှာ ၁၀.၃၂% (၂,၈၃၆ ဦး) သာ ရှိခဲ့ပါသည်။
ဤဖြစ်စဉ်အပေါ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးက “၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဖျက်ပြီး လူကြိုက်များတဲ့ အနိုင်ရပါတီ NLD မပါဘဲ ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲ မဲပေးဖို့ လူစိတ်ဝင်စားမှုနည်းမှာပဲလေ။ ဒါပဲ လက်တွေ့ရှိတယ်” ဟု သုံးသပ်မှုက လက်ရှိ ရွေးကောက်ပွဲ၏ အနှစ်သာရကင်းမဲ့မှုကို ထင်ဟပ်နေသည်။
မဲပေးနှုန်း အချက်အလက် သုံးသပ်ချက် အကျဉ်း
ဟားခါးမြို့၏ ရွေးကောက်ပွဲဆိုင်ရာ မြေပြင်အခြေအနေ
၂၀၂၀ ရွေးကောက်ပွဲ သည် ဟားခါးမြို့နယ်၏ သမိုင်းတစ်လျှောက် မဲပေးသူနှုန်း အမြင့်မားဆုံးစံချိန် (၇၁.၅၀%) အထိ ရှိခဲ့ပါသည်။ ၂၀၂၅ ရွေးကောက်ပွဲ (၁၀.၃၂%) နှင့် နှိုင်းယှဉ်ပါက ယခင်နှစ်များတွင် လူထု၏ ပါဝင်မှုသည် အဆမတန် မြင့်မားခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။
ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့သည် အုပ်ချုပ်ရေးယန္တရား၏ ဗဟိုချက်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများ အားလုံး စုစည်းရာနေရာဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးသူများ၏ အသွင်သဏ္ဌာန် (Voter Profile) ကို လေ့လာကြည့်ပါက “အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ” မှာ အဓိက အချိုးအစားအဖြစ် ပါဝင်နေသည်ကို တွေ့ရှိရသည်။ ၎င်းတို့သည် လုပ်ငန်းခွင်ဆိုင်ရာ တာဝန်ရှိမှုများကြောင့်သာ မဲရုံများသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
၂၀၂၅ ရွေးကောက်ပွဲအတွင်း ဟားခါးမြို့၌ အမှန်တကယ် မဲပေးခဲ့သူ ၂,၈၃၆ ဦး ရှိခဲ့သည့်အနက် မြို့ပေါ်ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များသည်လည်း အဓိက မဲဆန္ဒရှင်များအဖြစ် ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် စုစုပေါင်းရရှိခဲ့သည့် “ကြိုတင်မဲ” ၆၀၀ ကျော် မှာ ယင်းသို့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများထံမှ ရရှိလာသော မဲများဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ဟားခါးမြို့၏ မဲပေးမှုအခြေအနေမှာ ဒေသခံလူထု၏ လိုလိုလားလား ပါဝင်မှုထက် “အစိုးရဝန်ထမ်းနှင့် လက်နက်ကိုင် အင်အားစုများ” ကို အခြေခံထားသည့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုအသွင်သာ ဆောင်နေသည်ကို တွေ့ရှိရပါသည်။
အဆိုပါ မဲပေးသူဦးရေသည်လည်း စနစ်တကျ ဖိအားပေးမှု ကြောင့်သာဖြစ်ကြောင်း ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးက “ဝန်ထမ်းတွေကိုတော့ နေမကောင်းတဲ့သူတွေကလွဲပြီး ရွေးကောက်ပွဲနေ့မှာပဲ မဲသွားထည့်ရမယ်ဆိုပြီး ညွှန်ကြားတာတွေရှိလို့ ကြိုတင်မဲတော့ မထည့်ရဘူး။ ကြိုတင်မဲတွေလည်း များတာဆိုတော့ စစ်တပ်အသိုင်းအဝိုင်းဘက်ကတော့ မသိဘူး” ဟု ဖွင့်ဟခဲ့သည် ။
ဤသို့ အတင်းအကျပ် မဲပေးခိုင်းသည့်တိုင် မဲပေးသူနှုန်း နည်းပါးနေခြင်းသည် စစ်ကောင်စီ၏ တရားဝင်မှု ရှာဖွေရေးတွင် ကြီးမားသော အဟန့်အတား ဖြစ်နေသည် ။
ရွေးကောက်ပွဲနေ့၏ မြင်ကွင်းသည်လည်း ယခင်နှစ်များနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဟားခါးမြို့ဒေသခံတစ်ဦးက “ရွေးကောက်ပွဲနေ့မှာလည်း အရင်ကလို မိတ်ဆွေတွေစုပြီး သွားတာမျိုး တော့ မရှိတော့ဘူး။ နှစ်ယောက်၊ သုံးယောက် မဲရုံကို အတူသွားတာမျိုးလောက်ပဲ ရှိတယ်” ဟု ပြောကြားခဲ့သည် ။ ၎င်းသည် အရင်က ဘုရားကျောင်းအပြန် စုပေါင်းမဲပေးသည့် ပျော်ရွှင်စရာ အစဉ်အလာများ ပျောက်ကွယ်သွားပြီး အကြောက်တရားဖြင့်သာ မဲရုံသွားနေရသည်ကို သက်သေပြ နေသည် ။
ဟားခါးမြို့တွင် မဲပေးခွင့်ရှိသူ ၂၇,၃၂၄ ဦး ရှိသော်လည်း မဲပေးသူ ၂,၈၂၀ ဦး (၁၀.၃၂%) သာ ရှိခဲ့ခြင်းမှာ မြို့ခံများနှင့် ဟားခါးမြို့ပေါ်ရောက် စစ်ဘေးရှောင်များ၏ လုံးဝ ပါဝင်ပတ်သက် မှုမရှိခြင်း(Total Disengagement) ကို ပြသနေသည် ။
တီးတိန်မြို့၏ ရွေးကောက်ပွဲဆိုင်ရာ မြေပြင်အခြေအနေ
တီးတိန်မြို့နယ်တွင်လည်း ဟားခါးမြို့နယ်နည်းတူ ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရွေးကောက်ပွဲ အဆက်ဆက် တွင် လူထုပါဝင်မှုနှုန်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူနှုန်း ၆၈.၂၀% အထိ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင်မူ ၃၁.၉၁% သာ ရှိတော့သဖြင့် မဲပေးသူဦးရေသည် ယခင်ကထက် ထက်ဝက်ကျော် ခန့် သိသိသာသာ လျော့နည်းသွားခဲ့သည်။
သို့သော် တီးတိန်မြို့နယ်၏ မဲပေးသူနှုန်း (၃၁.၉၁%) သည် ဟားခါးမြို့နယ်၏ မဲပေးသူနှုန်း (၁၀% ဝန်းကျင်) နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်း၏ အဓိကအချက်မှာ ဒေသအခြေစိုက် ဇိုမီးအမျိုးသားပါတီ (ZNP) ၏ ပါဝင်ယှဉ်ပြိုင်မှုကြောင့် ဖြစ်သည်။ တီးတိန်ဒေသခံများသည် ၎င်းတို့၏ မျိုးနွယ်စုကို ကိုယ်စားပြုသော ပါတီအပေါ် သစ္စာရှိမှု (Party Loyalty) အားကောင်းကြသဖြင့် မိမိတို့ပါတီ အနိုင်ရရှိစေရန်အတွက် လုံခြုံရေးစိန်ခေါ်မှုများကြားမှ ထွက်၍ မဲပေးခဲ့ကြခြင်းဖြစ်သည်။
လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ရလျှင် ဟားခါးမြို့၌ CDF-Hakha ၏ ပိတ်ဆို့မှုနှင့် တိုက်ခိုက်မှုများမှာ မြို့တွင်းဧရိယာအထိ ပြင်းထန်ခဲ့သဖြင့် လူထုသည် သပိတ်မှောက်သည့်အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း လုံးဝမပြုခဲ့ကြပေ။ တီးတိန်မြို့နယ်တွင်မူ PDF-Zoland က မြို့အဝင်အထွက်များကို ပိတ်ဆို့ထားသော်လည်း မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ခိုင်ကမ်းမြို့ပေါ်ရှိ မဲရုံများသို့ မြို့နေလူထုအချို့နှင့် ပါတီဝန်းရံသူများ သွားရောက်နိုင်သည့် အခြေအနေ အနည်းငယ် ပိုမိုရှိခဲ့သည်။
ထို့အပြင် တီးတိန်မြို့နယ်၏ မဲရလဒ်တွင် ကြိုတင်မဲ ၆၀၀ ကျော် ပါဝင်နေသည်မှာလည်း သတိပြုဖွယ် အချက်တစ်ချက် ဖြစ်သည်။ စုစုပေါင်း မဲပေးသူ ၃,၉၇၀ ဦးအနက် ယင်းကြိုတင်မဲ အရေအတွက်မှာ အချိုးအစားအရ များပြားနေပြီး အဓိကအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နီးစပ်သူများ၏ မဲများဖြစ်ခြင်းကြောင့် လူထုပါဝင်မှုနှုန်း ကိန်းဂဏန်းကို အရေအတွက်အရ ပိုမိုမြင့်တက်စေခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင် ကျင်းပသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် မြို့နယ်နှစ်ခုပေါင်းအနေဖြင့် မဲပေးခွင့်ရှိသူ ၃၉,၉၁၇ ဦးရှိသည့်အနက် ၆,၈၀၆ ဦး (၁၇.၀၅%) သာ မဲပေးခဲ့ကြပါသည်။
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ သမိုင်းတစ်လျှောက် မဲပေးသူနှုန်း မြင့်မားခဲ့သော ချင်းပြည်နယ်တွင် ယခုနှစ်၌ မဲပေးသူနှုန်း ထိုးဆင်းသွားခြင်းမှာ လူထု၏ တက်ကြွစွာ သပိတ်မှောက်ခြင်း (Active Boycott) ကို ပြဆိုနေသည် ။
PR စနစ်နှင့် အမတ်နေရာ ဖောင်းပွမှု၊ စနစ်တကျ ကြိုတင်စီမံထားသောအမတ်ခွဲဝေမှုရလဒ်
စစ်ကော်မရှင်သည် မြို့နယ် ၂ ခုတည်းတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်သော်လည်း PR စနစ်ကို အသုံးချကာ ကိုယ်စားလှယ်အရေအတွက်ကို ဗျူဟာမြောက် ဖောင်းပွစေခြင်း(Strategic Inflation) ပြုလုပ်ခဲ့သည် ။ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ခွဲဝေမှုအရ USDP ပါတီသည် ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော် စုစုပေါင်း ၂၁ နေရာတွင် ၁၄ နေရာ (၆၆.၆%) အထိ အနိုင်ရရှိခဲ့သည် ။ ၎င်းအပြင် ပါတီအသစ်ဖြစ်သော NCC သည်လည်း PR စနစ်ကြောင့် ပြည်နယ်လွှတ်တော်တွင် ၁ နေရာ စတင်ရရှိခဲ့ခြင်းမှာ စစ်ကော်မရှင်၏ မဟာမိတ်ပါတီယန္တရား(Proxy Party Mechanism) ၏ရလဒ်ဖြစ်သည်။
USDP ပါတီမဲဆွယ်ကာလက သွားရောက်နားထောင်ခဲ့သူ တစ်ဦး ပြန်ပြောင်းပြောပြသည့် မဲဆွယ်ကာလ အတွင်း USDP ကိုယ်စားလှယ်များက “နိုင်ရင် နောက်ထပ် ဘယ်တော့မှ အာဏာမသိမ်းဘူး” ဟူသော ကတိများ ပေးခဲ့သော်လည်း ၊ ဤသည်မှာ လူထုထောက်ခံမှုထက် စနစ်အရအသာစီးယူထားသည့် အဖွဲ့အစည်းဆိုင်ရာ သိမ်းပိုက်မှု (Institutional Capture) ပုံစံသာ ဖြစ်နေသည် ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကျင့်သုံးခဲ့သော ရွေးကောက်ပွဲစနစ်သစ်သည် ပါတီစုံပါဝင်ခွင့်ရရှိရေးအတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုသည်ဟု အမည်ခံထားသော်လည်း ၊ လက်တွေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် စစ်တပ်လိုလားသော အစုအဖွဲ့များ လွှတ်တော်အတွင်း လွှမ်းမိုးမှုရရှိစေရန် စနစ်တကျ ဖန်တီးထား ကြောင်း တွေ့ရှိရပါသည် ။
ပြည်သူ့လွှတ်တော်နှင့် စစ်ကောင်စီ၏ “အနိုင်ရသူအကုန်ယူ” ဗျူဟာ- အစိုးရဖွဲ့ရေးအတွက် လမ်းခင်းခြင်း ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ရာတွင် အဓိကကျသော မဏ္ဍိုင်ဖြစ်သည်နှင့်အညီ၊ စစ်ကောင်စီသည် ဤနေရာ၌ အချိုးကျကိုယ်စားပြုစနစ် (PR) ကို မကျင့်သုံးဘဲ မူလ FPTP စနစ်ကိုသာ ဆက်လက်ကိုင်စွဲခဲ့သည် ။ ဤသို့လုပ်ဆောင်ရခြင်းမှာ ၎င်းတို့အားသာသော မြို့ပေါ်မဲဆန္ဒနယ်များတွင် အမတ်နေရာကို “အပြတ်အသတ်” သိမ်းပိုက်နိုင်ရန် ဖြစ်သည် ။
အစိုးရဖွဲ့ရေးအတွက် လုံခြုံစိတ်ချရသော မဲစုကို တည်ဆောက်ခြင်း (Securing Government Formation) ပြည်သူ့လွှတ်တော်သည် ဒုသမ္မတများ နှင့် သမ္မတကို ရွေးချယ်ရာတွင် အခရာကျသည် ။ စစ်တပ်ကိုယ်စားလှယ် ၂၅% နှင့် USDP ၏ FPTP အနိုင်ရမဲများကို ပေါင်းစပ်ခြင်းဖြင့် စစ်ကောင်စီသည် အစိုးရအဖွဲ့ကို မိမိတို့စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် အသာစီးအခြေအနေ (Strategic Dominance) ကို ဖန်တီးခဲ့ခြင်းဖြစ်သည် ။ ဤသည်မှာ ရွေးကောက်ပွဲကျင်းပနိုင်သော မြို့နယ်အနည်းငယ်မှ ရလဒ်ဖြင့် တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေးကို သိမ်းပိုက်ရန် ကြိုးပမ်းသည့် “Administrative Capture” ဗျူဟာပင် ဖြစ်သည်။
အမျိုးသားလွှတ်တော်နှင့် စစ်ကော်မရှင်၏ ဗျူဟာမြောက် အသာစီးရယူမှု
အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားပြည်နယ်များအတွက် တန်းတူညီမျှ အခွင့်အရေးရရှိရန် ဖန်တီးထားသော လွှတ်တော် ဖြစ်သည် ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စု အဆင့် ဥပဒေပြုရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ဗီတိုအာဏာနီးပါး သက်ရောက်မှု ရှိသောကြောင့် စစ်ကော်မရှင်သည် ဤနေရာကို ဗျူဟာမြောက် လွှမ်းမိုးခြင်း(“Strategic Dominance”) ပြုလုပ်ရန် အသေအချာ တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အတွင်း ချင်းပြည်နယ်၏ အသံကို အမှောင်ချလိုက်ခြင်းဖြစ်သည်။
အခုကဲ့သို့ PR စနစ်ဖြင့် ဖန်တီးလိုက်သော ချင်းအမတ် ၈ ဦး (USDP ၅ ဦး + ZNP ၃ ဦး) သည် ပြည်ထောင်စုအဆင့်တွင် ချင်းပြည်သူများ၏ အကျိုးစီးပွားကို တောင်းဆိုမည့်အစား စစ်ကောင်စီ၏ အစီအစဉ်များကို ထောက်ခံမည့် “Voting Machine” (မဲပေးစက်) များအဖြစ်သာ အသုံးတော်ခံရမည် ဖြစ်သည် ။ FPTP စနစ်သာဆိုလျှင် လူထုထောက်ခံမှုအပြည့်ရှိသော အမတ် ၂ ဦးက ပြည်ထောင်စုတွင် အသံကျယ်ကျယ် ထွက်နိုင်မည်ဖြစ်သော်လည်း၊ ယခု PR ဖြင့် ပွားလိုက်သော အမတ် ၈ ဦးသည် အရေအတွက်သာ များပြားပြီး တရားဝင်မှု မရှိသောကြောင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများတွင် ချင်းပြည်နယ်၏ အသံကို အနှစ်သာရမဲ့ သွားစေသည် ။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲရလဒ်များကို တွက်ချက်ရာတွင် သင်္ချာနည်းအရ အားနည်းချက် များကို အသုံးချ၍ အမတ်နေရာများအား ဖောင်းပွလာစေခဲ့သည်။ အကယ်၍ FPTP စနစ်ကိုသာ ကျင့်သုံးပါက အမျိုးသားလွှတ်တော်တွင် ဦးပေါင်လွန်းမင်ထန် (ZNP) နှင့် ဦးထလာထန်း (USDP) နှစ်ဦးသာ အမတ်အဖြစ် ရွေးချယ်ခံရမည် ဖြစ်သည်။ သို့သော် PR စနစ်ကို အသုံးချခြင်းဖြင့် အနည်းငယ်သာရရှိသော USDP ၏ မဲများကို စုစည်းပြီး အမတ် ၅ ဦးအထိ ဖြစ်လာအောင် “ဖန်တီး” ယူခဲ့သည် ။ ဤလုပ်ရပ်သည် ပြည်သူ့ဆန္ဒထက် သင်္ချာနည်းအရ ထောင်ချောက်ဆင် (Mathematical Trap) အသာစီးယူခြင်းသာ ဖြစ်သည် ။
အမျိုးသားလွှတ်တော်တွင် USDP က ၅ နေရာအထိ ရရှိသွားခြင်းသည် မတော်တဆမဟုတ်ပေ ။ နေပြည်တော်တွင် ပြည်ထောင်စုအစိုးရဖွဲ့စည်းသည့်အခါ သို့မဟုတ် အရေးကြီးသော ဥပဒေများ အတည်ပြုသည့်အခါ စစ်တပ်ကိုယ်စားလှယ် ၂၅% နှင့် ပေါင်းစပ်ပြီး “Majority Bloc” (အင်အားကြီးမဲစု) တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်သည် ။
ယခုရွေးကောက်ပွဲတွင် အနိုင်ရသူအကုန်ယူစနစ် (FPTP) အရဆိုလျှင် USDP ပါတီသည် ၁ နေရာသာ ရရှိသင့်သော်လည်း PR စနစ်က ၎င်းတို့ကို ၅ နေရာအထိ “လက်ဆောင်” ပေးလိုက်ခြင်းအားဖြင့် ပြည်ထောင်စုအဆင့် ဆုံးဖြတ်ချက်များတွင် စစ်ကောင်စီအတွက် အပိုဆောင်းမဲ (Extra Votes) များ ရရှိသွားစေသည် ။ ၎င်းသည် ပြည်သူ့ဆန္ဒကို သင်္ချာနည်းအရ ထောင်ချောက်ဆင်ခြင်း (Mathematical Trap) ဖြစ်ရုံတင်မကဘဲ ပြည်ထောင်စု၏ ဒီမိုကရေစီ ဟန်ချက်ကိုပါ ဖျက်စီးလိုက်ခြင်းဖြစ်သည် ။
ကိုယ်စားပြုမှု အတုအယောင်ဖြင့် နိုင်ငံတကာကို လှည့်စားခြင်း (Diplomatic Manipulation)
ပြည်ထောင်စုလွှတ်တော်တွင် ချင်းပြည်နယ်မှ အမတ် ၈ ဦး (အမျိုးသားလွှတ်တော်) နှင့် ၂ ဦး (ပြည်သူ့လွှတ်တော်) စုစုပေါင်း ၁၀ ဦး တက်ရောက်နေသည်ကို ပြသခြင်းအားဖြင့် စစ်ကောင်စီသည် နိုင်ငံတကာကို “တို့နိုင်ငံတွင် တိုင်းရင်းသားများ အပြည့်အဝ ကိုယ်စားပြုခွင့်ရနေသည်” ဟု လိမ်လည် ပြောဆိုနိုင်ပါသည် ။ သို့သော် အဆိုပါ ၁၀ ဦးစလုံးသည် ချင်းပြည်နယ်၏ ၇ မြို့နယ် (၇၇%) က လူထုနှင့် လုံးဝ အဆက်အသွယ်မရှိသောကြောင့် ၎င်းတို့၏ ကိုယ်စားပြုမှုသည် အခွံသက်သက် ကိုယ်စားပြုမှု(“Hollow Representation” ) သာ ဖြစ်သည် ။
ပြည်ထောင်စုအဆင့်တွင် ဤအမတ်များ ချမှတ်မည့် ဆုံးဖြတ်ချက်များသည် မြေပြင်က ချင်းပြည်သူများ၏ ဘဝကို တိုးတက်စေမည်မဟုတ်ဘဲ စစ်ကောင်စီ၏ အုပ်ချုပ်ရေးသက်တမ်း ရှည်စေရန်အတွက်သာ ဖြစ်ပါလိမ့်မည်။ အမျိုးသားလွှတ်တော်နေရာသည် ပြည်ထောင်စု၏ မဏ္ဍိုင်ဖြစ်သောကြောင့် စစ်ကော်မရှင်က PR စနစ်ကို အသုံးပြုပြီး USDP အမတ်နေရာ ၅၀၀% (၁ နေရာမှ ၅ နေရာ) အထိ တိုးပွားအောင် လုပ်ဆောင်ခဲ့ခြင်းသည် အနာဂတ် ပြည်ထောင်စုအဆင့် နိုင်ငံရေးကို ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်နိုင်ရန် တွက်ချက်ထားသော ဗျူဟာမြောက် လှုပ်ရှားမှု (“Calculated Strategic Move”) တစ်ခုပင် ဖြစ်သည် ။
ချင်းပြည်နယ်လွှတ်တော် လူနည်းစုပါတီများကို အသုံးချ၍ USDP က အုပ်စီးခြင်း (Divide and Capture Strategy) နှင့် ဟန်ပြနိုင်ငံရေးဖော်ဆောင်မှု (Political Facade)
ပြည်နယ်လွှတ်တော်၏ အမတ်နေရာ ခွဲဝေမှုကို ကြည့်ပါက အမျိုးသားလွှတ်တော်ထက်ပင် ပိုမိုရှုပ်ထွေးပြီး အကွက်ကျကျ စီစဉ်ထားသည်ကို တွေ့ရသည် ။ အကယ်၍သာ အနိုင်ရသူ အကုန်ယူစနစ် FPTP ကိုသာ ကျင့်သုံးမည်ဆိုပါက ပြည်နယ်လွှတ်တော်တွင် ဟားခါးနှင့် တီးတိန်မှ ကိုယ်စားလှယ် (၄) ဦးသာ ထွက်ပေါ်လာမည် ဖြစ်သော်လည်း ၊ PR စနစ်ကို အသုံးပြုကာ အမတ်နေရာကို ၁၁ နေရာအထိ ဖောင်းပွစေခဲ့သည်။
ဤနေရာတွင် အဓိက သတိပြုရမည့်အချက်မှာ NCC (ချင်းပြည်သစ်ကွန်ဂရက်ပါတီ) ကဲ့သို့သော ပါတီငယ်များကို PR စနစ်ဖြင့် အမတ် ၁ နေရာ ပေးလိုက်ခြင်း ဖြစ်သည် ။
၎င်းသည် ကြံ့ခိုင်ရေးပါတီအတွက် အချက်နှစ်ချက်ဖြင့် အကျိုးရှိစေပါသည်-
၁။ ပါတီစုံ ဒီမိုကရေစီ ဟန်ပြခြင်း(Multi-party Illusion)
“တိုင်းရင်းသားပါတီငယ်လေးတွေတောင် နေရာရတယ်” ဆိုသည့် ပုံရိပ်ကို ဖန်တီးကာ နိုင်ငံတကာကို လှည့်စားရန် ဖြစ်သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ကဲ့သို့သော တိုင်းရင်းသားပါတီသစ်သည် မဲဆန္ဒနယ်များတွင် တိုက်ရိုက်အနိုင်ရရှိခြင်း မရှိသော်လည်း PR စနစ်ကြောင့် ပြည်နယ်လွှတ်တော်တွင် ၁ နေရာ ရရှိခဲ့သည်မှာ စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ကျင်းပသော ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများလည်း အနိုင်ရရှိကြောင်း ကမ္ဘာ့မျက်နှာစာ၌ ဟန်ပြနိုင်ရန် အကွက်ကျကျ နေရာပေးခဲ့ခြင်းဖြစ် သည် ။
၂။ မဲများကို စိပ်ထုတ်ပစ်ခြင်း (Fragmentation of Votes):
တိုင်းရင်းသား မျိုးနွယ်စုမဲများကို NCC နှင့် ZNP ကြားတွင် စိပ်ထုတ်ပစ်လိုက်ခြင်းဖြင့် USDP က အမတ်နေရာ ၆ နေရာ (၅၀% ကျော်) ကို အလွယ်တကူ အုပ်စီးနိုင်ရန် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည် ။
အမျိုးသားလွှတ်တော် နှင့် ပြည်နယ် လွှတ်တော်များတွင်မူ PR စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ခြင်းမှာ ဇိုမီးအမျိုးသားပါတီ (ZNP) ကဲ့သို့သော တိုင်းရင်းသားပါတီများ၏ အားကောင်းသော မဲအရေအတွက်ကို အချိုးကျ ခွဲထုတ်ပစ်ရန်ဖြစ်ပြီး USDP အတွက် အမတ်နေရာ ပိုမိုရရှိလာစေရန် ဖန်တီးလိုက်ခြင်းပင် ဖြစ်သည် ။

ပြည်နယ်အစိုးရဖွဲ့စည်းနိုင်မှုအခြေအနေ
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ဒုတိယအဆင့်နှင့် တတိယအဆင့်များကို ဆက်လက်ပြုလုပ် မည်မဟုတ်ကြောင်း တရားဝင်ကြေညာထားပြီးဖြစ်သောကြောင့်၊ ကျန်ရှိသော ၇ မြို့နယ်အတွက် ကိုယ်စားလှယ်များ ထွက်ပေါ်လာတော့မည်မဟုတ်ဘဲ ဟားခါးနှင့် တီးတိန်မှ ရွေးကောက်ခံ ၁၁ ဦးသာ လက်ရှိတွင် ရှိနေပါသည် ။ ၂၀၁၀/၂၀၁၅/၂၀၂၀ ပြည့်နှစ်က တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ရွေးကောက်ခံ ၁၈ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၆ ဦး၊ စုစုပေါင်း ၂၄ ဦးဖြင့် အစိုးရခိုင်ခိုင်မာမာ ဖွဲ့စည်းနိုင်ခဲ့သည့် သမိုင်းနှင့် နှိုင်းယှဉ်ပါက ၊ ယခုအခါ အစိုးရတစ်ရပ် ပေါ်ပေါက်လာရန်ပင် မရေမရာဖြစ်နေသော နိုင်ငံရေး လစ်ဟာမှု အခြေအနေ ဖြစ်ပေါ်နေသည် ။
သို့သော်လည်း စစ်ကော်မရှင်သည် နည်းပညာအရ ၎င်းတို့၏ တရားဝင်မှုကို ပြသလိုသဖြင့် လက်ရှိ ၁၁ ဦးနှင့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (၄ ဦးခန့်) ပေါင်းစပ်ကာ တစ်စိတ်တစ်ပိုင်း အုပ်ချုပ်ရေး (Partial Administration) ကို အတင်းအကျပ် ပုံဖော်လာနိုင်ပါသည်။ အကယ်၍ အစိုးရအဖွဲ့ကို အတင်းအကျပ် ဖွဲ့စည်းခဲ့ပါကလည်း ဝန်ကြီးဌာနများအတွက် ရွေးချယ်စရာ (ရွေးချယ်နိုင်သော လူအရင်းအမြစ်) အလွန်ကျဉ်းမြောင်းနေသဖြင့် အမတ်အားလုံးနီးပါး ဝန်ကြီးဖြစ်ကုန်မည့် သဘောမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ၊ ၎င်းသည် မြေပြင်တွင် အာဏာမသက်ရောက်သော ပုံရိပ်ယောင်အစိုးရ (Virtual Government) သာ ဖြစ်လာပါလိမ့်မည်။
ကိုယ်စားပြုမှုမဲ့သော ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု ကင်းမဲ့ခြင်း
စစ်ကောင်စီသည် ရွေးကောက်ခံရသော ချင်းလူမျိုး ကိုယ်စားလှယ်များကို အသုံးချ၍ ၎င်းတို့၏ တရားမဝင်သော အုပ်ချုပ်ရေးယန္တရားကို “ချင်းလူမျိုးအချင်းချင်း ဆွေးနွေးခြင်း” ဟူသော ပုံရိပ်ဖြင့် ဖုံးလွှမ်းရန် ကြိုးပမ်းလာနိုင်ပါသည်။ ဤသည်မှာ တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် Chinland Council (CC) နှင့် Chin Brotherhood (CB) တို့အကြား နိုင်ငံရေးအရ သပ်လျှိုရန် သို့မဟုတ် ၎င်းတို့နှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများတွင် အဆိုပါ ကိုယ်စားလှယ်များကို ကြားခံအဖြစ် အသုံးချကာ စစ်တပ်၏ ဩဇာခံ “ပုံရိပ်ယောင်အစိုးရ” (Virtual Government) ကို မြေပြင်အာဏာသက်ရောက်စေရန် ဗျူဟာမြောက် တွက်ချက်ခြင်းပင် ဖြစ်ပါသည်။
သို့သော် ဤကဲ့သို့ ချင်းလူမျိုးအချင်းချင်းဖြစ်ခြင်းကို အသုံးချကာ ကြားခံအဖြစ် ဖန်တီးခြင်းသည် မြေပြင်တွင် အမှန်တကယ် အလုပ်ဖြစ်ရန် ခဲယဉ်းပါသည်။ အကြောင်းမှာ ၎င်းကိုယ်စားလှယ်များသည် အလွန်နည်းပါးသော မဲအရေအတွက် (ဥပမာ- ဟားခါးတွင် ၁၀.၃၂% သာရှိသော မဲပေးသူများ) ဖြင့်သာ တက်လာခြင်းဖြစ်၍ ချင်းပြည်သူတစ်ရပ်လုံး၏ ကိုယ်စားပြုမှု (Representation) နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တရားဝင်မှု (Moral Legitimacy) လုံးဝမရှိခြင်းကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ၎င်းတို့ကို ကြားခံအဖြစ် အသုံးပြုရန် ကြိုးပမ်းမှုမှန်သမျှသည် ချင်းတော်လှန်ရေးအဖွဲ့ အစည်းများအတွက် ဆွေးနွေးဖက်အဖြစ် ရှုမြင်စရာ အကြောင်းရင်းမရှိဘဲ၊ စစ်အာဏာရှင် သက်တမ်းရှည်စေရန် ဖန်တီးထားသည့် “နိုင်ငံရေးအရ လှည့်စားမှု” တစ်ခုအဖြစ်သာ ရှုမြင်ခံရမည်ဖြစ် ကာ မြေပြင်ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေနိုင်ပါသည်။
ချင်းလက်နက်ကိုင်နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများဖြစ်ကြသည့် Chinland Council (CC) နှင့် Chin Brotherhood (CB) တို့သည် နိုင်ငံရေးလမ်းစဉ်အရ အမြင်ကွဲလွဲမှုများရှိသော်လည်း စစ်ကောင်စီ၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပေါ်တွင်မူ တူညီသော သဘောထားဖြင့် ပြတ်သားစွာ ကန့်ကွက်ခဲ့ကြပါသည်။
ဤအခြေအနေအပေါ် Maraland Territorial Council (MTC) အကြီးတန်းအကြံပေးက “ဒီရွေးကောက်ပွဲမှာ နိုင်တဲ့သူတွေအနေနဲ့ ဘာမှလုပ်နိုင်မယ်မထင်ဘူး။ တော်လှန်ရေးရှုထောင့် ဘက်ကကြည့်ရင် ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသလို နိုင်လာတဲ့သူတွေနဲ့ စကားပြောဖို့ဆိုတာ ကလည်း မဖြစ်နိုင်ဘူး” ဟု ပြတ်သားစွာ သုံးသပ်သည် ။
ပျောက်ကွယ်သွားသော ကိုယ်စားပြုမှုအနှစ်သာရ
ပြည်ထောင်စုလွှတ်တော်သို့ စေလွှတ်မည့် ချင်းကိုယ်စားလှယ် ၁၀ ဦးသည် ပြည်နယ်တစ်ခုလုံး၏ အသံကို ကိုယ်စားပြုရန် တာဝန်ရှိသော်လည်း၊ ၎င်းတို့အားလုံးမှာ ၉ မြို့နယ်ရှိသည့်အနက် မြို့နယ် ၂ ခုတည်းမှသာ ထွက်ပေါ်လာသူများ ဖြစ်နေခြင်းက ကြီးမားသော Legitimacy Deficit (တရားဝင်မှု လိုအပ်ချက်) ကို ဖြစ်ပေါ်စေပါသည် ။
ဤရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးကမူ ၎င်း၏ ရပ်တည်ချက်ကို ဤသို့ ဖွင့်ဟခဲ့ပါသည် – “ကြိုက်ကြိုက်မကြိုက်ကြိုက် ရွေးကောက်ပွဲကတော့ တီးတိန်ခရိုင်အနေနဲ့ပြီးသွားပြီ။ … အရပ်ဖက်ဘောင်ကျယ်လာဖို့၊ နိုင်ငံရေးအခင်း ကျင်းတခုပေါ်လာဖို့ မျှော်လင့်တယ်။ ရွေးကောက်ခံရ-မခံရ ဆိုတာထက် ကိုယ့်အကြောင်းပြချက်အပေါ် ကိုယ့်လိပ်ပြာလုံခဲ့တာမို့ အတိုင်းတာတခုထိတာဝန်တခု ထမ်းဆောင်ခဲ့ သလိုခံယူပါတယ်။ ဘယ်သူပဲ အနိုင်ရရ အရွေ့တခုပေါ်လာဖို့ပဲ လိုပါတယ်။” လို့ ရွေးကောက်ပွဲအပြီးမှာ မှတ်ချက်ရေးသားခဲ့ပါတယ်။
ဤပြောစကားသည် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးအရ “လိပ်ပြာလုံမှု” နှင့် “တာဝန်ကျေမှု” အပေါ် အလေးထားနေသော်လည်း၊ ပကတိ နိုင်ငံရေးအခြေအနေအရ ကြည့်လျှင် ၎င်းတို့ မျှော်လင့်သလို “အရပ်ဖက်ဘောင် ကျယ်လာဖို့” ဆိုသည်မှာ အလှမ်းဝေးလွန်းနေဆဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤရွေးကောက်ပွဲသည် လူထု၏ စစ်မှန်သော ကိုယ်စားပြုမှုကို ဖော်ဆောင်ပေးရန်ထက် စစ်ကော်မရှင်၏ ဒီမိုကရေစီ မျက်နှာစာ (Democratic Facade) ကို တည်ဆောက်ရန်သာ ရည်ရွယ်ခြင်းကြောင့် ဖြစ်သည် ။
ကိုယ်စားလှယ်များသည် ၎င်းတို့ကိုယ်ကို တာဝန်ကျေသည်ဟု ခံယူနိုင်သော်လည်း၊ လက်တွေ့မြေပြင်တွင်မူ ဤကိုယ်စားလှယ်များသည် လူထု၏ ယုံကြည်ကိုးစားမှုကို မရရှိသည့်အပြင် စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အတွက် အသုံးတော်ခံရသော “Political Stooges” (နိုင်ငံရေး လက်ကိုင်တုတ်များ) အဖြစ်သာ သမိုင်းတွင် ရှုမြင်ခံရမည့် သဘောရှိသည်။
၉ မြို့နယ်ရှိသော ပြည်နယ်မှ မြို့နယ် ၂ ခု ၏ အမတ် ၂၁ ဦးဖြင့် အစိုးရဖွဲ့ရန် ကြိုးပမ်းခြင်း သို့မဟုတ် ပြည်ထောင်စုတွင် နေရာယူခြင်းသည် International Legitimacy (နိုင်ငံတကာ တရားဝင်မှု) ကို ရရှိရန် မဖြစ်နိုင်ဘဲ ၊ မြန်မာ့နိုင်ငံရေးကို ပိုမိုနက်ရှိုင်းသော ကိုယ်စားပြုမှုအကျပ်အတည်း Constitutional Impasse အတွင်းသို့သာ တွန်းပို့လိုက်ခြင်း ဖြစ်ပါသည် ။
နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အာဏာသိမ်းစစ်ကောင်စီ(စစ်ကော်မရှင်) မှကြိုးပမ်းအားထုတ်ကျင်းပခဲ့ သော ၂၀၂၅ ပါတီစုံရွေးကောက်ပွဲအခင်းအကျင်းသည် မြန်မာ့နိုင်ငံရေးနှင့်ချင်းနိုင်ငံရေးကိုအနည်းနှင့် အများတော့ အကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။
ရေးသားသူ – DonBosco







