နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စ သဘောတူညီမှုမရသေး

နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စ သဘောတူညီမှုမရသေး

ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့ မြေနေရာမှာ ကိုးကန့်တပ် နေရာယူလိုက်တာနဲ့ပတ်သက်ပြီး နေရာဖယ်ပေးဖို့ ဒေသခံတွေဘက်က တောင်းဆိုမှုအပေါ် သဘောညီမှုမရရှိ‌သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

နမ့်အွမ်ရွာသားတွေ ထိန်းသိမ်းထားတဲ့မြေနေရာမှာ ဆေးရုံတည်ဆောက်ဖို့ လျာထားပေမဲ့ ကိုးကန့် MNDAA တပ်ဖွဲ့က ရွာသားတွေကို ညှိနှိုင်းအသိပေးခြင်းမရှိပဲ ကတုတ်ကျင်းတွေ တူးဖော်ကာ တပ်စခန်းချလိုက်တဲ့အပြင် မြေကွက်တွေ ခွဲဝေပေးပြီးအိမ်ဆောက်နေတာတွေကြောင့် ဒေသခံတွေ ကန့်ကွက်နေကြတာဖြစ်ပါတယ်။

“ဒီမြေနေရာက သမိုင်းတလျှောက် ကျမတို့ ထိန်းသိမ်းထားတဲ့ နေရာဖြစ်တယ်။ ကိုးကန့်တွေ ဒီမြေမှာ နေရာယူလာတဲ့အချိန် ဒီမြေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဘယ်သူ့ကိုမှ အသိပေး ညှိနှိုင်းမှုမရှိဘူး။ သူတို့ ကြိုက်သလို တပ်စခန်းချတယ်။ ဒီနောက်ပိုင်းတော့ အိမ်ခြံမြေအကွက်ရိုက် ခွဲဝေတာတွေ လုပ်လာပြီး အိမ်တွေ ဆောက်လာကြတယ်။ ဒါကို ရွာသားတွေက မလိုလားတာကြောင့် ဒီနေရာကနေ ဖယ်ပေးဖို့ ကိုးကန့်ကို တောင်းဆိုနေကြတာ ဟုတ်တယ်”ဟု ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

နမ့်အွမ်ရွာကနေ မူဆယ်ဘက်သွားတဲ့လမ်း ဘယ်ဘက်တောင်တစ်ကြော ဧက ၁၀၀ ဝန်းကျင်ရှိ မြေနေရာမှာ သမိုင်းသလျှောက်ဒေသခံတွေ လုပ်ကိုင်စားသောက်ရာမြေနေရာအဖြစ် ထိန်းသိမ်းခဲ့ရာက‌ နေ NLD အစိုးရလက်ထက်မှာတော့ ဒီမြေနေရာတွေကို သစ်တောမြေအဖြစ်သတ်မှတ်ကာ ဆက်လက်ထိန်းသိမ်းခဲ့ကြတာလို့ သိရပါတယ်။

အဲဒီနောက် အစိုးရမှ အဲဒီမြေ‌နေရာနဲ့သက်ဆိုင်တဲ့ နမ့်အွမ်ကချင်ပိုင်းရွာကော်မတီတွေကို ပြန်အပ်ပေးခဲ့ကာ ဒီမြေနေရာကို ဆက်လက်ကြည့်ရှုထိန်းသိမ်းထားတာဖြစ်တယ်လို့ ရွာသားတွေပြောပါတယ်။

ဒီမြေနေရာမှာ နမ့်အွမ်ရွာ ကချင်ပိုင်းနဲ့သက်ဆိုင်တဲ့ မြေနေရာဖြစ်ပေမဲ့ နမ့်အွမ်တစ်ရွာလုံးအတွက် အရေးပါတဲ့ ဆေးရုံတည်ဆောက်ဖို့လည်း လျာထားတာဖြစ်တယ်လို့ သိရပါတယ်။  

ဒါပေမယ့်ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး ဒီမြေနေရာမှာ ဝင်ရောက်နေရာယူလာခဲ့ပြီး အစပိုင်းမှာတော့ မြေနေရာအနီးတဝိုက် ကတုတ်ကျင်းတွေ ပတ်ပတ်လည် တူးဖော်ကာ တပ်စခန်းချထားရာမှ နောက်ပိုင်းမှာတော့ ထိန်းသိမ်းထားတဲ့ မြေနေရာနယ်နိမိတ်အတွင်းထဲထိ ရေတွင်းတူးဖော်တာ၊ ကိုးကန့်တပ်ထဲက လူတွေကို မြေနေရာတွေ ခွဲဝေပေးနေပြီး မြေကွက်တွေ ရိုက်ကာ အိမ်တွေဆောက်လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုးကန့်တပ်ဖွဲ့ကို နမ့်အွမ်ကချင်ပိုင်းကော်မတီတွေ နှုတ်နဲ့ အကြိမ်ကြိမ်သွားပြောပေမဲ့ မရတဲ့အတွက် ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ နမ့်အွမ်ရွာခံတွေ လူအင်အား ၁၂၀ ကျော်နဲ့ အဲဒီနေရာကနေ ဖယ်ပေးဖို့ သွားရောက်ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေ လူအင်အားနဲ့ကန့်ကွက် တောင်းဆိုခဲ့ချိန်မှာလည်း ကိုးကန့်တပ်ဖွဲ့တွေက သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်ခဲ့တာကြောင့် အဲဒီတပ်သားကိုလည်း အရေးယူပေးဖို့ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။

နမ့်အွမ်ကျေးရွာခံတွေ ကိုးကန့်ကို တောင်းဆိုထားတဲ့ အချက်ထဲမှာ ဒီမြေနေရာမှာ ယာယီစခန်းချထားတဲ့ ကိုးကန့် MNDAA တပ်ဖွဲ့အနေနဲ့ တိုက်နယ်ဆေးရုံတည်ဆောက်ဖို့ အဆင့်သင့်ဖြစ်ချိန် ဖယ်ပေးဖို့၊ အလားတူ ဆောက်လုပ်ထားတဲ့ နေအိမ်တစ်ချို့ကို ဖြုတ်သိမ်းပေးဖို့၊ နေအိမ်တွေ ထပ်မံဆောက်လုပ်ခြင်းမပြုဖို့၊ နမ့်အွမ်ကျေးရွာ ကချင်ပိုင်းနဲ့ သက်ဆိုင်တဲ့မြေနေရာဖြစ်တဲ့အတွက် မူလအတိုင်း ပြန်အပ်ပေးရန် စတဲ့အချက်တွေပါဝင်ပြီး ကိုးကန့်တပ်အနေနဲ့ ဒေသခံ‌တွေရဲ့တောင်းဆိုမှုအပါ်ဆွေးနွေးညှိနှိုင်းကာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့ကတာဝန်ရှိသူတွေနဲ့‌ဒေသခံတို့ ဇန်နဝါရီ ၆ ရက်နေ့ထပ်မံတွေ့ဆုံချိန် သဘောတူလက်မှတ်ထိုးပေးဖို့‌ညှိနှိုင်းခဲ့ပမယ့် ကိုးကန့် MNDAA တပ်ဖွဲ့က သဘောမတူပဲ လက်မှတ်ထိုးပေးခြင်းမရှိတာကြောင့် လက်ရှိချိန်ထိ ညှိနှိုင်းမှု အဆင်မပြေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ 

 “ကျနော်တို့ ညမိုးချုပ်တဲ့အထိ စောင့်တယ်။ အဖြေကမထွက်နိုင်သေးဘူး။ ဒေသခံတွေ လိုချင်တဲ့အတိုင်း သူတို့သဘောတူပေးခြင်းမရှိတာကြောင့် လုပ်ငန်း ကောင်းကောင်းမပြီးစီးနိုင်ခဲ့ဘူး။ သဘောတူညီမှု မရရှိခဲ့ဘူး။ ပြည်သူတွေရဲ့ သဘောထားကို ကိုးကန့်နဲ့ ညှိနှိုင်းရာမှာ တချို့ကတော့ သူတို့သဘောတူပေမဲ့ တချို့ကိုတော့ သူတို့အလျှော့မပေးဘူး။ ဒါကြောင့် တောင်းဆိုမှု အထမမြောက်ခဲ့ဘူး။ ဒါကြောင့် အချိန်တခုထပ်ယူပြီး နောက်တစ်ဆင့်ထပ်သွားဖို့ ပြန်ပြင်ဆင်ထားတယ်” ဟု နမ့်အွမ်ရွာခံ အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။

ဒေသခံတွေဘက်က ခုလိုပြည်သူပိုင်မြေနေရာမှာ လက်နက်ကိုင်တွေ ရွာတည်၊ စခန်းချ နေရာယူနေတာကို အလိုမရှိတာကြောင့် လုံး၀ဖယ်ပေးဖို့ တောင်းဆိုနေတဲ့အပြင် လက်ရှိကိုးကန့ဒီတပ်‌နေရာယူထားတဲ့မြေနေရာဟာ သမိုင်းဝင်ထိန်းသိမ်းထားတဲ့ မြေနေရာဖြစ်သလို နမ့်အွမ်တိုက်နယ်ဆေးရုံမြေနေရာအဖြစ် လျာထားတာလည်းဖြစ်လို့ ကိုးကန့်ကို ဖယ်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်ပါတယ်။

နမ့်အွမ်ရွာဟာ နမ့်ဖတ်ကာအနီးမှာ တည်ရှိပြီး အိမ်ခြေစုစုပေါင်း ၆၀၀ ကျော်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA စသဖြင့် လက်နက်ကိုင်ပေါင်းစုံ နေရာယူ လှုပ်ရှားနေတဲ့ ကျေးရွာဖြစ်ပါတယ်။ 

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျေးရွာတွေထဲ နေရာယူဝင်ရောက်လာရာမှာ ဒေသခံတွေရဲ့ သဘောထားမပါ ညှိနှိုင်းမှုမရှိပဲ ဆေးရုံတွေထဲ၊ ကျောင်းဆောင်တွေထဲ ဝင်ရောက်နေရာယူလိုက်တာတွေကြောင့် လက်နက်ကိုင်တွေနဲ့ ရွာခံတွေကြား ပြဿနာပုံမှန် ရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လမှာလည်း ကွတ်ခိုင်မြို့နယ် မုံးစီးအနီး ပိန်းခမ်းရွာထိပ် ဒေသခံတွေရဲ့ ရေအရင်းအမြစ်နေရာမှာ ကိုးကန့် MNDAA က ရွှေတူဖော်နေတာကြောင့်သွားရောက်ကန့်ကွက်တဲ့ ရွာသားတွေကို ကိုးကန့် MNDAA က သေနတ်ပစ်ဖောက်ခဲ့တာကြောင့် ရွာသား ၆ ဦးကို သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံးစီးဒေသမှာ ကိုးကန့်မလိုမရှိဟု ဒေသခံတွေ ကန့်ကွက်ခဲ့ကြရာ MNDAA ဟာ နစ်နာသမိသားစုတွေကို ယွမ်ငွေ လျော်ကြေးပေးပြီး ပြဿနာကိုအသံတိတ်စေခဲ့တာလည်း ဖြစ်ပါတယ်။

January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...
December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...