တိုက်ပွဲပြန်ဖြစ်လာသည့်စစ်တွေတွင် စစ်သားနှင့်ရဲ ၁၁ ဦး လက်နက်အချို့ကို ယူဆောင်ထွက်ပြေး

တိုက်ပွဲပြန်ဖြစ်လာသည့်စစ်တွေတွင် စစ်သားနှင့်ရဲ ၁၁ ဦး လက်နက်အချို့ကို ယူဆောင်ထွက်ပြေး
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)

အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်လာပြီးနောက် စစ်သားနှင့် ရဲ ၁၁ ဦးသည် လက်နက်များယူဆောင်ပြီး  ထွက်ပြေး သွားကြောင်းသတင်းရရှိသည်။ 

ဇန်နဝါရီလ ၆ ရက်ညနေပိုင်းတွင် စစ်တွေအခြေစိုက် အမှတ် (၃၆) ရဲတပ်ရင်းမှ စစ်သား ၇ ဦးနှင့် ရဲတပ်သား ၄ ဦး ထွက်ပြေးသွားကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။ 

“စစ်သား ၇ ယောက်မှာ ၆ ယောက်က လက်နက်တွေ ပါသွားတယ်။ ကျန်တဲ့ စစ်သားတစ်ယောက်နဲ့  ရဲတွေမှာတော့ မပါသွားဘူးလို့ ပြောတယ်” ဟုပြောသည်။ 

ထွက်ပြေးသွားသည့်စစ်သားနှင့်ရဲများသည် စစ်တွေမြို့ပြင်နေရာများသို့ မိုင်အနည်းငယ်အထိ ချဉ်းကပ်ရောက်ရှိ လာနေပြီဖြစ်သော အာရက္ခတပ်တော်နှင့် ပူးပေါင်းသွားနိုင်ခြေရှိသည်ဟု ဆိုသည်။

သို့သော်လည်း စစ်ကော်မရှင်တပ်သည် ၎င်းထွက်ပြေးသွားသည့် စစ်သားများကို စစ်တွေမြို့ပေါ်ရှိရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းများတွင်ဝင်ရောက်ရှာဖွေမှုများရှိခဲ့သည်ဟု စစ်တွေ ဒေသခံတစ်ဦးကပြောသည်။ 

“မနေ့ညကရပ်ကွက်တိုင်းလိုလိုကိုလိုက်မွှေပါတယ်။သူတို့တပ်သားတွေထွက်ပြေးသွားလို့  လိုက်ရှာတာလို့  ရပ်ကွက်ရုံးက တစ်ယောက်ပြောမှ သိတာ” ဟုဆိုသည်။ 

ယင်းအပြင်ပြီးခဲ့သည့်ဇန်နဝါရီလ (၄) ရက်နေ့ကလည်းအမှတ် (၃၆) ရဲတပ်ရင်းမှစစ်သား၂ဦးလက်နက်ဖြင့်ထွက်ပြေးသွား၍ လိုက်လံရှာဖွေမှုများရှိခဲ့သေးကြောင်း စစ်တွေဒေသခံများက ပြောသည်။ 

စစ်တွေမြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်တို့အပြင် အမှတ် (၁၂)၊ အမှတ် (၃၆) ရဲတပ်ရင်းတို့တည်ရှိပြီး AA က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တပ်ရင်းတိုင်းလိုလို၌ စိုးရိမ်မှများရှိနေသည်ဟု သိရသည်။

အာရက္ခတပ်တော်(AA)က စစ်တွေမြို့နယ်အတွင်း စစ်ကော်မရှင်၏  ဒကစဌာနချုပ် ဝင်ပေါက်ဖြစ်သည့်တောကန်၊ ကြံတောအနီးရှိကာကင်းစခန်းနှင့် ဂန့်ဂေါ်ကျွန်းအနီးကာကင်း စခန်းတို့ကိုယခုဇန်နဝါရီလ အစမှစတင်ကာတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။ 

၎င်းပြင် ယခု ဖြစ်ရပ်မတိုင်မီကလည်း စစ်မတိုက်လိုသည့်အမှတ် (၃၆) ရဲတပ်ရင်းမှ စစ်သား ၉ ဦး၊ ရဲတပ်သား ၄ ဦးအပြင် တခြားစစ်တပ်တပ်ရင်းများမှထွက်ပြေးမှု တချို့ရှိကြောင်း ပြောဆိုမှုများရှိသော်လည်း နိရဥ္စရာ သတင်းဌာနအနေနှင့် သီးခြားအတည်မပြုနိုင်သေးပါ။ 

ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလတတိယပတ်အထိ တော်လှန်ရေးတပ်ဖွဲ့များထံစစ်ကော်မရှင်တပ်သားများအလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၂၄၉၁ ဦးထိရှိခဲ့သည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...