စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆို

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆို

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ လုံခြုံမှုမရှိတော့သလို ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ ဗဟိုကော်မတီဝင်တဦး နော်ဆားလေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့အခြေအနေမှာ အမျိုးသမီးတွေအတွက် တိုင်ကြားနိုင်တဲ့ စနစ်တွေ၊ ယုံကြည်အားကိုးနိုင်တဲ့ အဖွဲ့တွေ မရှိသလို အထူးသဖြင့် စစ်ဘေးရှောင်အဖြစ် တနေရာကနေ တခြား တနေရာကို ရွှေ့ပြောင်းထွက်ပြေးနေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာမရှိဘူးလို့ သူက ထောက်ပြပါတယ်။

"အာဏာသိမ်းပြီး နောက်ပိုင်းမှာခါကျတော့ စစ်ရေး ပဋိပက္ခက အရှိန်အဟုန် အရမ်းမြင့်လာတဲ့ အခြေအနေမှာ ဆိုရင် တိုင်ကြားရေး စနစ်ကသော်လည်းကောင်း ၊ကျမတို့ ယုံကြည်ရတဲ့သူသော်လည်းကောင်း ၊ ကျမတို့ အမျိုးသမီးတွေ စစ်ရှောင်တဲ့အခါမှာ တနေရာနဲ့ တနေရာ ရွေ့ပြောင်းပြီးတော့မှ ထွက်ပြေးရတဲ့အခြေအနေမှာ ကျမတို့အတွက် လုံခြုံတဲ့ နေရာတွေ မရှိရုံသာမက အစိုးရိမ်ရဆုံးအခြေအနေမှာ ရှိသည့်တိုင်အောင်မှ လုံခြုံရေးနဲ့ ပတ်သက်မယ်ဆိုရင် ထွက်ပေါက်ရှိမနေဘူး။ ငရဲလို ပုံစံမျိုး နဲ့ အခြေအနေမျိုးမှာ ဆိုးဆိုးရွားရွား နဲ့ ကြုံတွေ့နေရတဲ့အခြေအနေတွေ ရှိတယ်"လို့ ကရင်နီအမျိုးသမီး အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး နော်ဆားလေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာကို မသိမ်းယူခင်အစောပိုင်း ကာလတွေမှာတော့ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချပြီး အားကိုးရတဲ့သူတွေ ရှိခဲ့သလို တိုင်ကြားရေး စနစ်တွေလည်း ရှိခဲ့တဲ့ အကြောင်း သူကအခုလို ဆက်ပြောပါတယ်။

"ကရင်နီ ပြည်မှာ ကရင်နီအမျိုးသမီးတွေ တော်တော်များများက ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ပြီးတော့ ကျမတို့ အမျိုးသမီးတွေအနေနဲ့ အနည်းဆုံး လုံခြုံစိတ်ချရတဲ့ အားကိုးရတဲ့သူတွေ ရှိတယ်။တဖက်မှာကလည်း တိုင်ကြားရေး စနစ်တွေ ရှိခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်။ ဒါကြောင့် အာဏာ မသိမ်းခင်မှာ တော့ အမျိုးသမီးတွေက အန္တရာယ်ရှိတဲ့အခြေအနေတွေ ရှိခဲ့ပေမယ့်လည်း ထွက်ပေါက်တွေ ရှိခဲ့တယ်"လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာကို သိမ်းယူပြီးနောက်ပိုင်း စစ်ပွဲတွေ ၊ မတရားမှုတွေ ၊ တရား ဥပဒေ စိုးမိုးမှု အားနည်းတာတွေက အကြမ်းဖက်ခံရမှုတွေကို ပိုမို ဖြစ်ပွားစေတဲ့အကြောင်းရင်း ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလလွှတ်တော်ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မော်မိုးမြာ က အခုလို ပြောပါတယ်။

"ပထမ တချက်ကအာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုကို ပိုမိုဖြစ်ပွားစေတာက စစ်ပွဲတွေ တိုက်ပွဲတွေကြောင့် ဖြစ်တယ်။ ဒုတိယ တချက်ကတော့ တရားမျှတမှု မရှိလို့ ပြီးတော့မှ တရား ဥပဒေ စိုးမိုးမှု အားနည်းလို့ ဖြစ်တယ်" လို့ မော်မိုးမြာ က ပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) ထုတ်ပြန်တဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်နီမှာ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုက ၄ နှစ်ကျော်အတွင်း အမှုစုစုပေါင်း (၄၂၄) မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက အများဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။

အလားတူ ၂၀၂၅ခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ် နဲ့ တိုင်းဒေသ ၁၃ ခုအတွင်း အာဏာသိမ်းပြီးနောက် ပဋိပက္ခဆက်နွယ်လိင်အခြေပြု အကြမ်းဖက်မှု နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ဖြစ်ပွားမှုမှာ ၄ နှစ်ကျော်ကာလအတွင်း ( ၉၆၃ ) မှုရှိခဲ့ပြီး အဲ့ဒီထဲ ကရင်နီပြည်မှာ ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...