ဘားအံရှိ အပန်းဖြေရာနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်များကို ရက်ရှည်ကြာနေထိုင်ခွင့်ပြုထား

ဘားအံရှိ အပန်းဖြေရာနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်များကို ရက်ရှည်ကြာနေထိုင်ခွင့်ပြုထား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို ဟိုတယ်တာဝန်ရှိသူများက ရက်ရှည်ကြာ ဝင်ရောက်နေထိုင်ခွင့်ပြုထားကြောင်း ဘားအံဒေသခံများထံမှ သိရသည်။

ကျားဖြန့်လုပ်ငန်းဖြင့် နာမည်ကြီးနေသည့် ထိုင်း- မြန်မာနယ်စပ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင်အပါအဝင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အချို့က နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့သည့်နောက် တရုတ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်သားအချို့ ဘားအံမြို့နယ်အတွင်းသို့ နိုဝင်ဘာလကုန်ပိုင်းမှစ၍ ရောက်ရှိလာနေကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်သားများက ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် အပန်းဖြေနေရာနေရာများဖြစ်သည့် ချစ်သူမြိုင်ပန်းခြံ၊ ဟိုတယ်နှင့် မိုတယ်နေရာအများစု ငှားရမ်းနေထိုင်နေကြသည်ဟု ဘားအံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျားဖြန့်တွေက နေရာတိုင်းမှာ ဝင်နေနေကြတယ်။ အခုလည်း ဘားအံမြို့နယ်က ချစ်သူမြိုင်မှာလည်း အခန်းပြည့်နှက်တဲ့အထိ ဖြစ်လာတယ်။ ပြီးတော့ ဇွဲကပင်တောင်ခြေက ဟိုတယ်ဇုန်မှာလည်း အခန်းတွေ အကုန်ပြည့်နေတယ်။ ဟိုတယ်ရဲ့ Private Area မှာတော့ ကျားဖြန့်တွေက နေနေကြတယ်။ အဲဟိုတယ်တွေထဲမှာတော့ တရုတ်ရော၊ မြန်မာကျားဖြန့်လုပ်သားတွေရော၊ တခြားနိုင်ငံက ကျားဖြန့်လုပ်သားတွေလည်း နေနေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အပန်းဖြေနေရာနှင့် ဟိုတယ်များအတွင်း လက်ရှိနေထိုင်နေသည့် ကျားဖြန့်လုပ်သားများသည် ခေတ္တပုန်းခိုနေထိုင်နေသည့်ပုံစံဖြစ်ပြီး အခြားနေရာဒေသဘက်သို့ ပြောင်းရွှေ့သွားလာရန် ရှိနေကြောင်းလည်း ဆိုသည်။

ထို့ပြင် ဘားအံမြို့နယ် ကျေးရွာများတွင်လည်း မျက်နှာစိမ်းများ သွားလာလှုပ်ရှားနေသည့်အပေါ် ဒေသခံများ လုံခြုံရေးအခြေအနေ စိုးရိမ်နေရသည်ဟု သိရသည်။

အဆိုပါကျားဖြန့်လုပ်သားများကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ဗိုလ်ရွှေဝနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးစောမြင့်ဆွေတို့က မြဝတီဒေသမှတစ်ဆင့် ဘားအံမြို့နယ် ကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုနေသော်လည်း IMNA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“သူတို့(ကျားဖြန့်) လာတဲ့လမ်းကြောင်းကိုတော့ ကျနော်တို့သိပြီးသားပါ။ မြဝတီကနေ တောလမ်းဖြစ်တဲ့ ဒေါနလမ်းဟောင်းဘက်ကို ဆင်းလာတာ။ သူတို့ချည်းပဲဆို ဘယ်ကိုမှ သွားတတ်ကြတာ မဟုတ်ဘူး။ သူတို့ချည်းပဲ လာမယ်ဆိုရင်လည်း ဖမ်းဆီးခံရမယ်၊ ပစ်ခတ်ခံရင်လည်း ခံရနိုင်တယ်။ အခုက လက်နက်ကိုင်အဖွဲ့တွေကပဲ သူတို့ကို သယ်ဆောင်လာတာလေ။ မြဝတီကနေ ဘားအံအထိ ကလည်း DKBA ကပဲ အများဆုံး ထိန်းချုပ်ထားတာ။ အဲဆို ဘယ်သူတွေက သယ်လာတာလဲဆိုတာကိုတော့ ပြောစရာမလိုပါဘူး” ဟု ဘားအံဒေသမှ လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က ဘားအံမြို့နယ်ရှိ ကျားဖြန့်လုပ်သား တရုတ်နိုင်ငံသားများကို တင်ဆောင်လာသည့် စက်လှေ ၃ စင်းက အခြားဒေသဘက်သို့ ခရီးဆက်ရန် ဂျိုင်းမြစ်ကို ကူးဖြတ်နေစဉ် ကင်းလှည့်နေသည့် စစ်ကော်မရှင်အဖွဲ့က ပစ်ခတ်ခဲ့သည့်အတွက် စက်လှေတစ်စင်းတွင် လိုက်ပါလာသည့် ကျားဖြန့်လုပ်သား ၄ ဦး အသက်သေဆုံးခဲ့ရသေးသည်။

စစ်ကော်မရှင်အဖွဲ့မှ ဘားအံမြို့နယ်ကို ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းကို ပိတ်ပင်ထားပြီး ကျားဖြန့်တရုတ်လူမျိုးများ ကိုင်ဆောင်လေ့ရှိသည့် ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃ မျဉ်းစောင်းကိုင်ဆောင်သူများကို စစ်ဆေးရေးဂိတ်များ၌ တင်းကြပ်စွာစစ်ဆေးနေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။

January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...