ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးခံရမှု ဆက်လက်ရှိနေ

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးခံရမှု ဆက်လက်ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များက စစ်မှုထမ်းလိုအပ်ချက်ကြောင့် လူငယ်များ နေ့စဉ် ဖမ်းဆီးမှု ဆက်လက်ပြုလုပ်နေသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။

မြို့တွင်း လူစည်ကားသော ရပ်ကွက်၊ လမ်းဆုံ၊ လမ်းခွနေရာများတွင် ဆိုင်ကယ် ဦးထုပ်အပါအဝင် ဆိုင်ကယ်လိုင်စင် အချက်အလက် ပြည့်စုံမှုရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ကာ လူငယ်များအား အဓိကပစ်မှတ်ထား ပေါ်တာဆွဲ ဖမ်းဆီးမှု ပြုလုပ်လျက်ရှိကြောင်း ကလေး မြို့ခံအမျိုးသမီးကပြောသည်။

“အခုဆိုရင် တာဟန်းရပ်ကွက်ဖက်ကို ပိုပြီးတော့ ဖမ်းလာတယ်လို့မြင်တယ်။ ပြီးတဲ့ စနေနေ့က နေကြာတိုက် လမ်းကြားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တယောက်ဆိုရင် ဖမ်းခံရတယ်။ သူဆို ရင် ဦးထုပ်မဆောင်းလို့ ဆိုပြီးဖမ်းတာ၊ အခုက ဆိုင်ကယ်စီးပြီး ဦးထုပ်မဆောင်းတဲ့သူကို ပိုပြီး ပစ်မှတ် ထား တာတွေ့ရတယ်။ ဦးထုပ်မဆောင်းလို့ ဖမ်းတာဆိုပြီး ခေါင်းစဉ်တပ်တော့ ဖမ်းဖို့ပိုလွယ်သွားတာပေါ့။ သူတို့ မိဘတွေ စုပေါင်းရုံးလိုက်ကြတာ အဲ့မှာ အသက် နှစ်ဆယ်ကျော် လူငယ်တွေ ၂၅ ယောက်လောက် ကို တွေ့ခဲ့တယ်။ ဒါတောင် မနက်ပိုင်းပဲရှိသေးတာနော်။ တနေကုန် နေရာစုံမှာ ဖမ်းတာနဲ့ ဆိုရင် အနည်း ဆုံး ၃၀၊ ၄၀ လောက်ကိုရှိမယ်။” ဟု ပြောသည်။

မကြာသေးခင်ရက်ပိုင်းက အသက် (၂၀) အရွယ် လူငယ်တစ်ဦးသည် တာဟန်းရပ်ကွက်၊ နေကြာတိုက်လမ်းမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်ချိန်တွင် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပွဲစားမှတဆင့် ငွေကျပ်သိန်း (၆၀) ကျော်ဖြင့် ပြန်လည် ရွေး ထုတ်ခဲ့ရသည်ဟု သိရသည်။

၎င်းနှင့်အတူဖမ်းဆီးခံရသည့် လူငယ်အများစုထဲတွင် ခန့်မှန်းခြေ (၃) ဦးခန့်သာ ငွေကြေးအများအပြားဖြင့် ရွေးထုတ်နိုင်ခဲ့ ကြပြီး အများစုမှာ လေ့ကျင့်ရေးစခန်းတို့တွင် ပို့ဆောင်ခံရသည်ဟု ပြန်လည်လွတ်မြောက်လာသူ လူငယ်ကပြောသည်။

“ကျွန်တော်စီးလာတဲ့ဆိုင်ကယ်ကို စစ်သားတယောက်က တားပြီး ရပ်လိုက်တာနဲ့ ဦးထုပ်မပါတော့တခါတည်း ဖမ်းလိုက် တာ၊ ဟိုရောက်တော့ နာမည်၊ အသက်တွေ မေးတယ်။ ရိုက်နှက် တာတွေတော့မလုပ်ဘူး။ စုပေါင်းရုံးရောက်တော့ ကျွန်တော့အရွယ်အများကြီးပဲ တချို့ဆိုရင် အဲ့နေ့မှာ ရှေ့တန်းပို့ မယ်ဆိုတော့ မိသားစုတွေလာတွေ့ပြီး ဖက်ကြ၊ ငိုကြတော့ ကျွန်တော်လည်း ပြန်မလွတ် နိုင်တော့ဘူး သွားပြီပေါ့။ ဟိုရောက်ရင် လွတ်ဖို့က တော်တော်ခက်ခဲပြီ၊ ကျွန်တော်ဆိုရင် ပို့မယ် ၁၅ ယောက်ထဲ လူဦးရေ ကျော်သွားလို့ လွတ်ဖို့နည်းနည်းလွယ်တဲ့သဘောဖြစ်သွားတာ။” ဟု ပြန်လည်လွတ်မြောက်လာသူ လူငယ်က ပြောသည်။

ဖမ်းဆီးခံရသူများသည် ယခုနောက်ပိုင်းတွင် ငွေကြေးဖြင့် အလွယ်တကူ ပြန်ရွေးထုတ်၍ မရတော့ဘဲ  စစ်မှုထမ်းလိုအပ် ချက်ကြောင့် လူအစားထိုးရှာပေးနိုင်မှသာလျှင် ပြန်လည်လွတ်မြောက်နိုင်သည်ဟု သိရသည်။  

ကလေးမြို့ပေါ်တွင် နေ့စဉ်ပေါ်တာဆွဲဖမ်းဆီးမှု များလာ သောကြောင့် လူငယ်များအနေဖြင့် မလိုအပ်လျှင် အပြင်ထွက် သွားလာခြင်းမပြုလုပ်ရန် နှင့် ဆိုင်ကယ်စီးလျှင် ဦးထုပ်၊ ဆိုင်ကယ်လိုင်စင် အချက်အလက် အပြည့်စုံ ရှိထားရန် အရေးကြီးလာသည်ဟု မြို့ခံများ အချင်းချင်းကြား သတိပေးမှုများရှိလာသည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...