အိန္ဒိယကို သီချင်းနဲ့စည်းလုံးအောင် လုပ်နိုင်ခဲ့တဲ့ အသံရှင်လေး Esther Hnamte

အိန္ဒိယကို သီချင်းနဲ့စည်းလုံးအောင် လုပ်နိုင်ခဲ့တဲ့ အသံရှင်လေး Esther Hnamte

တစ်ချိန်မှာ လူသန်းပေါင်းများစွာကို စည်းလုံးစေမယ့် အသံလေးတစ်ခုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က အိမ်လေးတစ်လုံးထဲမှာ စတင်ခဲ့တာပါ။ ဒါဟာ သေးငယ်ပြီး နုနယ်တဲ့အရာလေးတစ်ခုကနေ နိုင်ငံအဆင့်အထိ ဘယ်လိုတောက်ပလာသလဲဆိုတဲ့ အသက် ၉ နှစ်အရွယ် Esther Hnamte ရဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံသမ္မတကြီး ဒရော့ပါဒီ မူရ်မူ (Droupadi Murmu) ဆီကနေ ကလေးများအတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု (Pradhan Mantri Rashtriya Bal Puraskar) ကို တည်တည်ငြိမ်ငြိမ်နဲ့ တက်ယူနေတဲ့ အသက် ၉ နှစ်အရွယ်မိန်းကလေးကို မြင်ရတဲ့သူတွေဟာ ဒီကလေးမလေးရဲ့ ငယ်ဘဝကို သိရင် အံ့ဩကြမှာပါ။

Esther Lalduhawmi Hnamte @ Esther Hnamte ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်၊ လုံလေ (Lunglei) မြို့မှာမွေးဖွားခဲ့တာပါ။ တက္ကစီဒရိုင်ဘာအဖေနဲ့ ဘုရားကျောင်းက အဆိုတော်အမေတို့က မွေးဖွားလာတဲ့ Esther ဟာမွေးစမှာ ကျန်းမာရေး သိပ်မကောင်းတာကြောင့် မိဘတွေ တော်တော်လေး စိတ်ပူခဲ့ရပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ အိန္ဒိယတစ်နိုင်ငံလုံးကို သူမရဲ့အသံနဲ့ စည်းလုံးစေခဲ့ပါပြီ။

၂၀၂၅ ခုနှစ်၊ အနုပညာနဲ့ ယဉ်ကျေးမှုကဏ္ဍမှာ ဒီဆုကို ရရှိခဲ့တဲ့ ကလေး ၁၆ ယောက်ထဲမှာ Estherလည်း ပါဝင်ခဲ့ပါတယ်။ သမ္မတကြီးကလည်း ဒီဆုရရှိတဲ့ ကလေးတွေဟာ မိသားစု၊လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သလို တခြားကလေးတွေအတွက်လည်းစံနမူနာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

Esther လေးဟာ အသက် ၂ နှစ်ကတည်းက လုံလေ (Lunglei) မြို့က ဘုရားကျောင်းတွေနဲ့ လူမှုရေးပွဲတွေမှာစဆိုခဲ့တာပါ။ ထူးခြားတာက သူမဟာ အိမ်မှာ မီဇိုစကားပဲ ပြောပေမဲ့ ဟင်ဒီနဲ့အင်္ဂလိပ်သီချင်းစာသားတွေကို အလွတ်ရအောင် မှတ်နိုင်တဲ့ အံ့ဩစရာ ပါရမီရှိတာပါ။

သူမရဲ့အမေက ဒီစွမ်းရည်ကို ရိပ်မိပြီး သေချာပျိုးထောင်ပေးခဲ့ပါတယ်။

တကယ့်အပြောင်းအလဲကတော့ ၂၀၂၀ ခုနှစ် Covid-19 ကပ်ကာလ Lockdown တွေမှာပါ။

အပြင်ထွက်လို့မရလို့ အိမ်မှာပဲ ဗီဒီယိုတွေ ရိုက်ဖြစ်ရင်း AR Rahman ရဲ့ "Maa Tujhe Salaam" သီချင်းကို ဆိုခဲ့တာကနေစပြီး တစ်ဟုန်ထိုး နာမည်ကြီးသွားခဲ့တာပါ။

သူမရဲ့ အသံဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ ပြည်ထဲရေးဝန်ကြီး အမစ်ရှာတို့ရဲ့ချီးကျူးမှုကိုတောင် ရရှိခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဇိုရမ်ထန်းငါကလည်း သူမရဲ့ဗီဒီယိုတွေကို မျှဝေခဲ့ပါတယ်။

ဒါကြောင့်ပဲ မီဇိုရမ်ပြည်နယ်၊ လုံလေ (Lunglei) မြို့က ကလေးမလေးကို လူသန်းပေါင်းများစွာက သိသွားကြတာပါ။

စာရင်းဇယားတွေအရ ကြည့်ရင်လည်း ၂၀၂၅ ခုနှစ်မှာ သူမရဲ့ YouTube Channel ဟာ Subscribe ၁ သန်းကျော်သွားခဲ့ပြီး မီဇိုရမ်ပြည်နယ်မှာ ပထမဆုံးနဲ့ အမြန်ဆုံး အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာပါတယ်။ သူမရဲ့ အိန္ဒိယစစ်တပ် (Assam Rifles) နဲ့ တွဲဆိုထားတဲ့ "Jana Gana Mana" ဗီဒီယိုဆိုရင် ကြည့်ရှုသူ ၅၆ သန်းတောင် ရှိပါတယ်။

အောင်မြင်မှုတွေက ဆက်တိုက်ဆိုသလို ရောက်လာခဲ့ပါတယ်။ ၂၀၂၀ မှာ မီဇိုရမ်ဘုရင်ခံဆီက ဆုရခဲ့သလို၊ ၂၀၂၁ မှာလည်း Dalmia Cement ရဲ့ Young Achievers ဆု ရခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ နာမည်ကြီး Amul အမှတ်တံဆိပ်ရဲ့ "Amul Girl" အဖြစ်တောင် သတ်မှတ်ခံခဲ့ရပြီး ၂၀၂၅ မှာတော့ YouTube ကပေးတဲ့ Silver နဲ့ Gold Play Button နှစ်ခုလုံးကို ရရှိခဲ့ပါတယ်။ သူမဟာ ဝန်ကြီးချုပ်ရှေ့မှာလည်း ဖျော်ဖြေခဲ့ရသလို၊ ပြည်ထဲရေးဝန်ကြီးဆီကနေလည်း ဂစ်တာတစ်လုံး လက်ဆောင်ရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ သူမရဲ့ ခရီးလမ်းကို ရိုက်ကူးထားတဲ့ "A Star is Born" ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ဟာ အရှေ့မြောက်ပိုင်း ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပါတယ်။

Esther ဟာ အိန္ဒိယအရှေ့မြောက်ပိုင်းက လူငယ်တွေအတွက် ဘယ်လောက် ဝေးတဲ့ အရပ်မှာနေနေ၊ကိုယ့်အသံက အရေးပါတယ်ဆိုတာကို ပြသနိုင်ခဲ့တဲ့ သက်သေပါပဲ။

အသက် ၉ နှစ်ပဲ ရှိသေးတဲ့ Esther Hnamte ဟာ အနုပညာရှင်အများစု ဘဝတစ်သက်တာလိုက်စားရတဲ့ အောင်မြင်မှုကို ရရှိနေပါပြီ။ သူမ ရရှိခဲ့တဲ့ Pradhan Mantri Rashtriya Bal Puraskar ဆုဟာလည်း သူမရဲ့ ရှည်လျားဦးမယ့် အနုပညာခရီးလမ်းအတွက် နောက်ထပ် မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။

မီဇိုရမ်ပြည်က အသက် ၉ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ တစ်နိုင်ငံလုံးကို သီချင်းနဲ့စည်းလုံးအောင် လုပ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref: India Today/Mizoram News

January 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ...
December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...