ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူရင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
မဘိမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးက “မြို့ပြင်ထွက်ပြီးသားလူတွေက ပစ္စည်းသွားယူတဲ့ သူတွေ ဘာတွေက ဗုံးမှန်လို့သေတာနဲ့ဘာနဲ့ဆိုတော့ ကျမတို့လည်း ကြောက် ကြတယ်။ မြို့ပေါ်ကျန်နေတဲ့သူတချို့ကတော့ ဘာမှမဖြစ်ဘူး ပြန်လာခဲ့တဲ့။ ပစ္စည်းကျန်တဲ့သူတွေကလည်း ငိုငိုယိုယိုနဲ့ တချို့ သွားယူတယ်။ ဗုံးမှန်လို့သေတာတွေရှိတယ်။ ကျမတို့တော့ကြောက်တာနဲ့ မယူတော့ပါဘူး” လို့ လက်ရှိ စစ်ဘေးရှောင်တချို့ ကြုံတွေ့နေရတဲ့အခြေနေကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပနေချိန်မှာပဲ ကသာမြို့ကို တော်လှန်ရေး အင်အားစုတွေဘက်က မြို့သိမ်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့လုံးကျွတ်နီးပါး ဘေးလွှတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ကသာမြို့တွင်း ဒေသခံတွေဟာ ကသာမြို့ပြင် ဧရာဝတီမြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါအဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။
ကသာမြို့ပြင် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာခံအမျိုးသားတစ်ဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ကသာမြို့တွင်းက နေအိမ် မှာ ကျန်ခဲ့တဲ့ပစ္စည်းသွားယူရင်း ၁၂ တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့သေးတယ်လို့ အခုလိုပြောပြပါ တယ်။
“ကသာက ဝဲကြီးရွာကို လေကြောင်းတိုက်ခိုက်တာ။ အဲ့ကလေးက ကျနော်တို့ရွာကိုစစ်ဘေးရှောင်ရောက်ပြီးသား အဲ့တာ နှစ်ရက်လောက်အကြာမှာ ပစ္စည်းတွေသွားသယ်ရင်းနဲ့ သေတာတဲ့ဗျာ။” လို့ ကသာမြို့ပြင် ဧရာဝတီမြစ်နဘေးက ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ ကသာမြို့ပေါ်က လွဲလို့ ကသာမြို့ပတ်ပတ် လည်နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကဆိုရင်လည်း ကသာမြို့နဲ့ ၁၅ မိုင်အကွာက ဟဲနားကျေးရွာလေကြောင်းတိုက်ခိုက်ခံရတာကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အရပ်သား ၃ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ကသာမြို့နယ်အခြေနေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ငံတစ်ဝှမ်းမြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့ တော်လှန်ရေးအင်အားစု တွေက ကသာမြို့ပြင်က ကျေးရွာတွေအများစုကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ် PDF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။







