ကချင်ပြည်ထဲက မိုးကောင်း၊ ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ကြား ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကူလာသည့် ပြည်သူ့စစ် ဒုခေါင်းဆောင် သေဆုံးသွားသည်။
မိုးကောင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကူလာသည့် ပြည်သူ့စစ် ဒုတိယခေါင်းဆောင် ဦးမြင့်ဦး ဒရုန်းဗုံးထိမှန် သေဆုံးသွားကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
မြေပြင်သတင်းရင်းမြစ် တစ်ဦးက “ဒီဘက်မှာ တိုက်ပွဲတွေက ခဏခဏဖြစ်နေတာ။ အခုသေသွားတဲ့ ဦးမြင့်ဦး ဆိုတာကလည်း စစ်တပ်အားကိုးနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူပါ။ သူတို့က စစ်ကြောင်းနဲ့အတူ လိုက်လာ ပြီး အခုလို တိုက်ပွဲဖြစ်တော့ ဒရုန်းဗုံးထိပြီး သေတာပဲ။ တိုက်ပွဲတွေကြောင့် ကျနော်တို့ ပြည်သူတွေလည်း ဘယ်မှမသွားရဲဘဲ အိမ်ထဲမှာတင် ပုန်းနေကြရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က မိုးကောင်းမြို့နယ်၊ မီးသွေးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို KIA နှင့် KPDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကူပေးရန် ရောက်ရှိလာသည့် ပြည်သူ့စစ်ဒုခေါင်းဆောင် ဦးမြင့်ဦးသည် ဒရုန်းဗုံး ထိမှန် ခဲ့ပြီး မိုးကောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ဦးမြင့်ဦးသည် ဒေသတွင်း လမ်းသွားလမ်းလာ ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်လေ့ရှိသည့်အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။
အလားတူ ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ကော်မရှင်တပ်၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဖွင့်ပွဲပြုလုပ်ရန် ပြင်ဆင် နေသည့် ခရစ်ယာန် ဘုရားကျောင်းဆောင်သစ် တစ်ခု ထိခိုက်ပျက်စီးသွားခဲ့သည်။
ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက “ဘုရားကျောင်းက အသစ်စက်စက်ကြီးပါ။ ဖွင့်ပွဲတောင် မလုပ်ရသေး ဘူး။ စစ်တပ်က ဒရုန်းနဲ့ ဗုံးချလိုက်တော့ အမိုးတွေရော၊ အတွင်းထဲက ပစ္စည်းတွေပါ အကုန်ပျက်စီးသွားတာပဲ။ ကျမတို့ အလှူငွေတွေနဲ့ ဆောက်ထားတယ်နော်။ အခုလို ဖြစ်သွားတော့ တကယ့်ကို စိတ်မကောင်းဘူး” ဟု ပြောသည်။
ကချင်ပြည် တစ်ဝှမ်း၌ စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးများကို အလွန်အကျွံ အသုံးပြု တိုက်ခိုက်နေသဖြင့် အရပ်သားထိခိုက်မှုများနှင့် ဘာသာရေးအဆောက်အအုံ ပျက်စီးမှုများ တိုးပွားလာနေသည်။
ဗန်းမော်မြို့နယ်အတွင်း၌လည်း စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ အကြား တိုက်ပွဲများ နေ့စဉ်နှင့်အမျှ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက် မှုများအပြင် ဒရုန်းဗုံး ရာနှင့်ချီ အသုံးပြုကာ ခုခံတိုက်ခိုက်နေရကြောင်း မြေပြင် သတင်းရင်းမြစ်များက ဆိုသည်။
တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားမှ ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး၊ လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်လျှက်ရှိသည်။







