ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်တပ်က မဲမထည့်မနေရ ဖိအားပေးနေပြီး အတုအယောင် ရွေးကောက်ပွဲအတွက် မြို့တွင်းလုံခြုံရေး အတင်းအကျပ် တင်းကြပ်ထားသည်ဟု မြို့ခံများက ပြောသည်။
လွိုင်ကော်မြို့တွင် စစ်ကော်မရှင်က ကျင်းပရန်ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့် အမျှ မြို့တွင်းသွားလာ လှုပ်ရှားမှုများကို ယခင်ကထက် ပိုမိုတင်းကြပ်ထားပြီး ပြည်သူများ အား မဲမထည့်မနေရ ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့အတွင်း လမ်းများပိတ်ဆို့ကာ စစ်ဆေးရေးဂိတ်များ တိုးချဲ့ထားပြီး ဆိုင်ကယ်၊ ကားနှင့် လူလိုင်စင်များအား အသေးစိတ်စစ်ဆေးမှုများ လုပ်ဆောင်နေသည်။
လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက “ကိုယ့်အိမ်ကိုယ်အိုးနဲ့ တိုးတိုးတိတ်တိတ်ပဲ နေကြရတယ်။ ညဆို ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ သွားရင်လည်း ၇ နာရီ၊ ၈ နာရီလောက်အထိပဲ။ အခုက ကားတွေ၊ ဆိုင်ကယ်တွေကို တအား Check လုပ်တယ်။ ဖမ်းတယ်၊ လိုင်စင်တွေရော လူလိုင်စင်တွေပါ အကုန်စစ်နေတာ” ဟု ပြောသည်။
စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အပိုင်း (၁)၊ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပိုင်း (၂) နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပိုင်း (၃) အဖြစ် ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့နယ် အတွင်းရှိ ပါလောင်းနှင့် တီးလုံကျေးရွာအုပ်စုတို့မှလွဲ၍ ကျန်သည့် ကျေးရွာအုပ်စုအားလုံးတွင် မဖြစ်မနေ ကျင်းပသွားရန် စစ်ကော်မရှင်က စီစဉ်နေခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်သည် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရပ်ကွက်များ၌ ဆန်နှင့် ဆီများဝေငှကာ လူစုဆောင်း ခြင်း၊ မဲစာရင်းတွင် အမည်သွားရောက်ရှာဖွေရန် အတင်းအကျပ်ခိုင်းစေခြင်းများ ပြုလုပ်နေသည်။
အခြားမြို့ခံ အမျိုးသမီးတစ်ဦးကလည်း “ရပ်ကွက်မှာ စည်းရုံးရေးတွေ ဆင်းတယ်လေ။ ဆီတွေ၊ ဆန်တွေ
ပေးပြီးတော့ ခေါ်တယ်။ မသွားမနေရပဲ။ နာမည်တောင် သွားရှာရပြီ။ ဒီမှာနေတော့လည်း ဒီအတိုင်းပဲ လိုက်သွား ရမှာပေါ့” ဟု ၎င်းတို့ ကြုံတွေ့နေရသည့် ပြောပြသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်တပ်သည် လွိုင်ကော်မြို့အနီးရှိ စစ်ဘေးရှောင်ပြည်သူများကို မြို့ထဲသို့ ပြန်ဝင်လာစေရန် စစ်ရေးအရ ဖိအားပေးနေသည်။
ပြန်မဝင်လာသည့် ဒေသများသို့ လက်နက်ကြီးနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်များမှာ မြို့ထဲသို့ ပြန်လည်ဝင်ရောက်နေရပြီး ယင်းသို့ ပြန်ဝင်လာပါက မဲမဖြစ်မနေ ပေးရမည့် အခြေအနေရှိနေကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) က ထောက်ပြသည်။
UKSY ပြောရေးဆိုခွင့်ရှိသူက “လွိုင်ကော်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးတာတွေ သူတို့ ဆောင်ရွက်နေတာ ရှိတယ်။ စစ်ရှောင်တွေက စစ်ရေးအချိန်မရွေး ထဖြစ်နိုင်တဲ့အတွက် မြို့ပေါ်ကို ပြန်ဝင်လာရတယ်။ ဒါဟာ
စစ်ရေးအရ ပြည်သူလူထုအပေါ် ဖိအားပေးတဲ့ အနေအထားပါ။ မြို့ထဲရောက်ပြီဆိုရင်တော့ မဲကတော့ မဖြစ်မနေ ပေးရမယ့် အခြေအနေ ဖြစ်သွားပါလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။
လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် နေထိုင်သူများ၏ အမည်စာရင်းကို စစ်ကော်မရှင်က အတိအကျကောက်ခံ ထားပြီးဖြစ်၍ ဒေသခံအများစုမှာ မိမိတို့ ဆန္ဒမပါဘဲ မဖြစ်မနေ မဲသွားပေးရမည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်က နည်းပညာသုံး ခြေရာခံစောင့်ကြည့်မှုများ၊ CCTV ကင်မရာများနှင့် AI မျက်နှာ မှတ်သားစနစ်များကို အသုံးပြုကာ ပြည်သူများကို ခြိမ်းခြောက်နေသည့်အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း ကုလသမဂ္ဂတွင် သတိပေးခဲ့ပြီးဖြစ်သည်။
ပြည်သူလူထု၏ ဆန္ဒမပါဘဲ အတင်းအကျပ် ဖိအားပေး ကျင်းပမည့် ဤရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု လုံးဝမရှိနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန် ရှုတ်ချနေကြသည်။







