ရွေးကောက်ပွဲမှာ စစ်အုပ်စုအား လူသတ်လိုင်စင် ပေးမည့် လုပ်ရပ်ဖြစ်ဟု တက်ကြွလှုပ်ရှားသူများ ထောက်ပြ

ရွေးကောက်ပွဲမှာ စစ်အုပ်စုအား လူသတ်လိုင်စင် ပေးမည့် လုပ်ရပ်ဖြစ်ဟု တက်ကြွလှုပ်ရှားသူများ ထောက်ပြ

စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက် လက် ကျူးလွန်ရန်နှင့် စစ်အုပ်စုအတွက် ‘လူသတ်လိုင်စင်’ တရားဝင်ရရှိအောင် ပြုလုပ်ပေးမည့် လုပ်ရပ်သာ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြလိုက်သည်။ 

အဆိုပါ ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင် ကျူးလွန်နိုင်အောင် ဖန်တီးမည့် အခင်းအကျင်း ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဆန့်ကျင်ကြရန်နှင့် နိုင်ငံတကာကလည်း လက်မခံဘဲ ကန့်ကွက်ပေးရန် လိုအပ်ကြောင်း ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဒေါ်မူစဲက တိုက်တွန်းပြောဆိုသည်။

မတရားမှုများကို နှုတ်ဆိတ်မနေဘဲ ထုတ်ဖော်ပြောဆိုရန် အရေးကြီးပုံနှင့် ပတ်သက်၍ ဒေါ်မူစဲက “လူ့အခွင့် အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သား တစ်ဦးချင်းစီရော၊ နိုင်ငံတကာကရောပေါ့နော်။ ချိုး ဖောက် ခံရမှုတွေကို တွေ့ရှိတဲ့အခါ ခံရတဲ့အခါမှာ ဆိတ်ဆိတ် မနေပဲနဲ့ ဖွင့်ပြောရမယ်ပေါ့နော်။ ထုတ်ဖော်ရ မယ်။ ကျမ တို့က တိတ်ဆိတ်နေမယ် နှုတ်ဆိတ်နေမယ် ဆိုလို့ရှိ ရင်တော့ ဒီစစ်အုပ်စုကို လူသတ်လိုင်စင်တွေ သူတို့လက်ထဲ ပေးလိုက်သလို ဖြစ်မှာပဲပေါ့” ဟု ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို ဝေဖန်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူ များအား မဲထည့်ရန် အကျပ်ကိုင် ခြိမ်းခြောက်ခြင်းနှင့် ကြိုတင်မဲမထည့်ပါက တက္ကသိုလ်တက်ခွင့် မပေးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဗြောင်ကျကျ ကျူးလွန်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ များက ဆိုသည်။ 

လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် ချိုးဖောက်ခံနေရသည့် အခြေအနေနှင့် ပတ်သက်၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ယခုကဲ့သို့ ထောက်ပြသည်။

“အဓိကကတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနည်းလမ်း ကျကျနဲ့ပေါ့နော် ဖိအားပေးပြီး မဲပေးတာမျိုး မရှိရဘူး။ ကိုယ်မဲပေးချင်တဲ့လူ ပေးလို့ရတယ်။ မဲမပေးချင်တဲ့သူ မပေးရဘူး။ ဒီလိုပြည်သူတွေ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ အခုလိုမျိုး ဖိအားပေးတာက ဒါကလွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ချိုးဖောက် ရာ ကျနေတယ်ရှင့်။”

ဤကဲ့သို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးနေသည့်အပြင် စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် အကျပ်ကိုင်လျက်ရှိသည်။

မဲပေးပိုင်ခွင့်ကို ခြိမ်းခြောက်ခံနေရသည့် အခြေအနေနှင့် ပတ်သက်၍လည်း ဒေါ်မူစဲက “ပြည်သူတွေကနေပြီး တော့မှ အခုက ပြည်သူတွေမှာ ဆုပ်လည်း စူး စားလည်းရူး သူတို့က အမျိုးမျိုး ဒီရွေးကောက်ပွဲမှာ အတု အယောင် ရွေးကောက်ပွဲမှာ သူတို့က မဲထည့်ခိုင်းမယ်။ ဖိအားပေးတယ်။ တကယ်က ဆိုလို့ရှိရင် ဒီဟာက ပြည် သူတွေက နိုင်ငံသားတိုင်း နိုင်ငံရေး အခွင့်အရေးကို ချိုးဖောက်ခံနေရတာ ဖြစ်တယ်။ ပြည်သူတွေသည် သူတို့ မဲပေးချင်ပေးမယ်။ မပေးချင်မပေးဘူး။ ဒါပေမယ့် အခုက ခြိမ်းခြောက်တယ်။ မပေးလို့ရှိရင် ဘယ်လို ဆိုပြီး တော့ ခြိမ်းခြောက်တယ်” ဟု ပြောသည်။

ထို့အပြင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်ကလည်း ရွေးကောက်ပွဲ ကာ လနှင့် နီးကပ်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် ရွာမီးရှို့မှုများ ပိုမိုများပြားလာပုံကို ယခုကဲ့သို့ ပြောသည်။

“တော်တော်များများက ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီးတော့ကို ချိုးဖောက်မှုတွေ ပြန်ပြီးတော့ တိုးပွားနေတာ တွေ ရှိတယ်။ Airstrike တွေက အများကြီး တိုးလာတာတွေ့ရတယ်။ နောက်တစ်ခုက ခုနကလိုမျိုး အမျိုး သမီးတွေ ကလေးတွေ နောက်တစ်ခါ ရွာတွေ မီးရှို့ခံရတာတွေပိုများလာတယ်။ အခုလိုမျိုး ရွေးကောက်ပွဲ ကာလနဲ့ နီးလာလေ ချိုးဖောက်မှုတွေက များလာလေဆိုတဲ့ အနေအထားကို ပြနေပါတယ်။”

စစ်ကော်မရှင်၏ အစီအစဉ်အရ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး၊ ပထမပိုင်းကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လည်းကောင်း ကျင်းပသွားရန် သတ်မှတ်ထားသည်။ အပိုင်း ၃ ကိုမူ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသည်။

သို့သော်လည်း ဤရွေးကောက်ပွဲသည် စစ်တပ်၏ အကျိုးစီးပွားအတွက်သာဖြစ်ပြီး ပြည်သူများ စစ်ကျွန်ဘဝမှ ရုန်းထွက်၍ မရအောင် အစီအစဉ်တကျ ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ရှုမြင်ကြ သည်။

ပြည်သူတို့၏ လူ့အခွင့်အရေး ဆုံးရှုံးနေရမှုများကို အဆုံးသတ်နိုင်ရန် စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးက ၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တိုက်တွန်းထားသည်။

အလားတူ သြစတြေးလျ၊ ယူကေ၊ ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) တို့ကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ သည် အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေပြီး စစ်မှန်သည့် ဖြေရှင်းနည်းနှင့် ပိုမိုဝေးကွာစေနိုင်ကြောင်း ပူးတွဲသတိပေး ထုတ်ပြန်ထားကြသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...