ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦးဟာ တလခွဲအကြာ ဆေးကုသခံယူရင်း ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွေ ဖရူဆိုမြို့နယ်က ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ဖြစ်ပါတယ်။
“ဒရုန်းထိပြီး လူထုတွေ သေဆုံးသွားတာ ၂ ယောက်ပေါ့နော်၊ အခု ဆေးကုရင်းနဲ့ တယောက် ထပ်ဆုံးတော့ ၃ ယောက်တော့ ဖြစ်သွားတာပေါ့နော်။ လက်ရှိ ဖရူဆို စစ်ရေးအခြေအနေက ပြောလို့တော့ မရသေးဘူး၊ လူထုတွေကတော့ သွားလာ သတိထားဖို့တော့ လိုတာပေါ့နော်” ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ မြေပြင် သတင်းအရင်းအမြစ်က ဆိုပါတယ်။
ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာလ နဲ့ နိုဝင်ဘာလ နှစ်လအတွင်း စစ်ကော်မရှင်တပ် တိုက်ခိုက်တဲ့ ဒရုန်းကြောင့် စစ်ဘေးရှောင် ၃ ဦး အထိ သေဆုံးလာခဲ့ပါတယ်။ လက်ရှိ ဖရူဆိုမှာတော့ စစ်ကော်မရှင် တပ်စွဲထားရှိနေဆဲဖြစ်တာကြောင့် လူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ လိုအပ်နေတယ်လို့ အဆိုပါ သတင်းအရင်းအမြစ်က ဆိုပါတယ်။
သြဂုတ်လကနေ အောက်တိုဘာလအထိ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈ ဦးအထိ ရှိလာပါတယ်။







