ကော့ကရိတ်တွင် လက်နက်ကြီးကြောင့် နို့တိုက်မိခင် သေဆုံးပြီး ကလေးငယ်များအပါအဝင် (၃) ဦးဒဏ်ရာရ

ကော့ကရိတ်တွင် လက်နက်ကြီးကြောင့် နို့တိုက်မိခင် သေဆုံးပြီး ကလေးငယ်များအပါအဝင် (၃) ဦးဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၇ရက်နေ့က စစ်အုပ်စုလက်နက်ကြီးကြောင့် ကလေးသုံးယောက်မိခင်(၁)ဦးသေဆုံးပြီး သူမကလေးငယ်(၂)ဦးအပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရွာခံများ၏ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့တွင်းအခြေစိုက် စစ်အုပ်စုက ပစ်ခတ်လိုက်သည့်လက်နက်ကြီး(၃)လုံးမှာ အံဖကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရွာ၌စစ်ရှောင်နေထိုင်သူ လသားအရွယ်နှင့်အသက် ၁၀နှစ်ဝန်းကျင်အရွယ် ကလေးသုံးယောက်ရှိ မိခင် ကျည်စထိမှန်သေဆုံးခဲ့သည်။

ထို့အပြင် သူမ၏ သမီးမိန်းကလေး(၂)ဦးနှင့် အိမ်ပိုင်ရှင်အမျိုးသမီး (၁)ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။

“အားလုံး ထိတာ (၄)ယောက်၊ အမေဖြစ်တဲ့အမျိုးသမီးကတော့ဆုံးပြီ။ သူ့ကလေး လသားအရွယ်လေးက ဘာမှမဖြစ်ဖူး။ အသက် ၁၁နှစ် နဲ့ ၁၂နှစ် သူ့ကလေးနှစ်ယောက်နဲ့အိမ်ပိုင်ရှင်ကတော့ ဒဏ်ရာရသွားတယ်။ ကလေးတွေအဖေက ရွာသစ်မှာ စပါးပြန်ရိတ်နေတာ။” ဟု ၎င်းဒေသခံက ပြောသည်။

ထိခိုက်သေဆုံးသူ မိသားတစ်စုမှာ ကော့ကရိတ်မြို့နယ် မောင်းမကျေးရွာအုပ်စုအတွင်း နေထိုင်ကြသူများ ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ထိုရွာဘက်သို့ စစ်အုပ်စု စစ်ကြောင်းထိုးလာသည့်အချိန်မှစ၍ နေရပ်စွန့်ခွာပြီး အံဖကြီးရွာတွင် မိသားစုလိုက် စစ်ရှောင်နေထိုင်ကြသည်ဟု ၎င်းတို့နှင့်ရင်းနှီးကျွမ်းဝင်သည့် ရွာခံများကဆိုသည်။

ကော့ကရိတ်တောင်ပိုင်းရော၊ မြောက်ပိုင်း ကျေးရွာများတွင်ပါ အင်အားတိုးပြီးစစ်ကြောင်းထိုးနေသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

တိုက်ပွဲအတွင်း KNLA မဟာမိတ်တပ်၏ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများကာ အထိနာ၍ လက်နက်ကြီးလည်းမကြာခဏပစ်ခတ်နေကြောင်း မဟာမိတ်တပ်နှင့်ဒေသခံသတင်းအရင်းအမြစ်တို့မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း အဆိုပါမောင်းမကျေးရွာအုပ်စုမှ အမျိုးသား တစ်ဦးကို စစ်ကြောင်းထိုးဝင်လာသည့် စစ်အုပ်စုတပ်ဖွဲ့မှ ရိုက်နှက်သတ်ဖြတ်သွားသေးသည်ဟု ဒေသခံတို့ကဆိုသည်။

Most read this week

February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...
Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...
February 24, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ်...
February 23, 2026
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့်...