ကျားဖြန့်ရုံ ဝင်စီးရာမှ KNLA နဲ့ DKBA တိုက်ပွဲများ ပြင်းထန်

ကျားဖြန့်ရုံ ဝင်စီးရာမှ KNLA နဲ့ DKBA တိုက်ပွဲများ ပြင်းထန်

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ မြဝတီတောင်ဘက်ရှိ စစ်ကော်မရှင်တပ်နှင့် DKBA ထိန်းချုပ်သော ငွေလိမ်လုပ်ငန်း “ကျားဖြန့်” ရုံကို KNLA ပူးပေါင်းတပ်များက စီးနင်းခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ထိုတိုက်ပွဲအတွင်းက လက်နက်ကြီးကျည်မှာ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်မှုကြောင့် ထိုင်းစစ်တပ်ကပါ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်စပ်လုံခြုံရေး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီး၊ မြန်မာဘက်ခြမ်းက အရပ်သားပြည်သူများ ထိုင်းဘက်သို့ စစ်ဘေးရှောင်မှုများလည်း ရှိနေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မင်းလက်ပံကျေးရွာအဝင် ကျားဖြန့်ရုံ စီးနင်းမှုသည် DKBA တပ်ဖွဲ့ဝင်များဘက်မှ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူပေါင်းတပ်ကို စတင်ပစ်ခတ်ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

စစ်ကော်မရှင်တပ်နှင့် လက်ဝါးချင်းရိုက်ကာ ကျားဖြန့်ရုံကို စောင့်ကြပ်နေသည့် ဗိုလ်သခွားသီး ဦးစီးသော DKBA တပ်ဖွဲ့များသည် KNLA တပ်မဟာ (၆) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ပြန်လည်ပစ်ခတ်ကာ အဆိုပါ ကျားဖြန့်ရုံကို ဝင်ရောက်စီးနင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ပစ်ခတ်ရန် အမိန့်ပေးခဲ့သည့် ဗိုလ်သခွားသီးကမူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဒေသတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက “ဒီကျားဖြန့်ဂိုဒေါင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေအတွက် ငွေရှာပေးရာ နေရာတွေပါ။ KNLA ပူးပေါင်းတပ်တွေက ဒါကို တိုက်ခိုက် သိမ်းပိုက်နိုင်တာဟာ စစ်ရေးအရရော၊ ငွေကြေးအရပါ သူတို့ရဲ့ ထိန်းချုပ်မှုကို ဖြတ်တောက်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် DKBA တပ်ဖွဲ့ဝင်များနှင့် လက်နက်များ ပြန်လည်ရရှိရေးအတွက် DKBA ခေါင်း ဆောင်တစ်ဦး ဖြစ်သူ စောဆန်းအောင်က နယ်မြေခံ KNLA တာဝန်ရှိသူများနှင့် လာရောက်ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိထားသည်ဟု အဆိုပါ စောင့်ကြည့်နေသူက ဆိုသည်။

မြဝတီတောင်ဘက် ဖလူးနှင့် မင်းလက်ပံကျေးရွာတိုဘက်တွင် KNLA မဟာမိတ် ပူးပေါင်းတပ်နှင့် စစ်ကော်မရှင် တပ်မ (၂၂) တို့အကြား နိုဝင်ဘာလ ၂၂ ရက်နေ့ကစ၍ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ယင်းတိုက်ပွဲအတွင်း လမ်းကြောင်းချော်လာသော ၆၀ မမ အမြောက်ကျည်ဆံတစ်လုံးသည် နယ်စပ်စည်းမှ တစ်ကီလိုမီတာခန့်သာ ဝေးသော ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ မဲ့ကိုကင်းကျေးရွာထဲသို့ ကျရောက်ခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် နေအိမ် ၄ လုံးနှင့် ပစ်ကပ်ကား ၁ စီး ပျက်စီးခဲ့ပြီး ဒေသခံများကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ သည်။

ထို့နောက်တွင် ထိုင်းစစ်တပ်ဘက်မှ ၁၂၀ မမ မီးခိုးဗုံးကျည်ကို သတိပေးချက်အဖြစ် မြန်မာဘက်သို့ ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ထိုင်းအမှတ် (၃) စစ်ဒေသကလည်း နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေး အစီအမံများကို အမြင့်ဆုံး တိုးမြှင့်ချ ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုင်းစစ်တပ်အရာရှိများသည် ပျက်စီးသွားသော မဲ့ကိုကင်းကျေးရွာထဲထိ သွားရောက်စစ်ဆေးခဲ့ပြီး နိုင်ငံ၏ နယ်စပ်ကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်သွားမည်ဟု ဒေသခံများကို အာမခံ ပြောဆိုခဲ့သည်ဟု ထိုင်း သတင်းများက ဆိုသည်။

တိုက်ပွဲများကြောင့် မြန်မာဘက်ခြမ်းမှ အရပ်သား ၁၀၀ ကျော်လည်း ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင် နေရပြီး ထိုင်းလုံခြုံရေးအဖွဲ့များက လူသားချင်းစာနာမှု အကူအညီများ ပေးနေသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

လက်ရှိတွင် စစ်ရှောင်များကို အရင်ကလို ပြန့်ကျဲမထားတော့ဘဲ မဲ့ကိုကင်းကျေးရွာရှိ နွားခြံတစ်နေရာတည်း တွင်သာ စုစည်းထားရန် စီစဉ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...