နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ

နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နယ်ထဲက ပြည်သူတွေ ဆေးကုသဖို့ ပိုမိုခက်ခဲ ကြပ်တည်းလာတယ်လို့ သိရပါတယ်။

နောင်မွန်မြို့နယ်ထဲမှာ ဆေးဝါးတွေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာ၊ အစိုးရပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အပြင် ဆေးကုစရိတ်အဆမတန်များတာကြောင့် ပြည်သူတွေ ဆေးဝါးကုသဖို့အတွက် တစ်နေ့တခြား ပိုခက်ခဲလာတယ်လို့ နောင်မွန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လက်ထဲမှာပိုက်ဆံအနည်းဆုံးငါးသောင်းမှမရှိရင် ဆေးရုံသွားလို့မရဘူး အကြောဆေးလေးတစ်လုံးထိုးရင် ၁၈၀၀၀ ပေးရတယ်။ ဆေးရုံတစ်ညအိပ်ရင် သုံးသိန်းကအနည်းဆုံးကုန်တယ် အဲ့ကြောင့် ဒီကလူတွေ ဖျားနာရင် ဆေးရုံတောင် မသွားကြဘူး” လို့ အသက် ၄၀ ကျော်အရွယ် နောင်မွန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ နောင်မွန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါး အလုံအလောက်မရှိတဲ့အပြင် အပြင် ဆေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း ဆေးဝါးတွေ လွတ်လွတ်လပ်လပ် သယ်ယူလို့မရတာကြောင့် နောင်မွန်မြို့ပေါ်မှာ ဆေးဝါး ရှားပါးတာ ၊ အဆမတန်စျေးကြီးတာတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။

“ဆေးဝါက လွတ်လွတ်လပ်လပ် သယ်လို့လည်းမရဘူး မဂွေဇဂိတ်မှာအရမ်းစစ်ဆေးတယ်တဲ့ လိုသလောက် သယ်လို့ မရဘူးပြီးတော့ ပါရာတို့ သာမာန် ဖျားနာတို့လောက်အတွက် ပဲဆေးတွေ တင်ခွင့်ရတယ်။ အဲ့ကြောင့် ရှိတဲ့ ဆေးတွေလည်း အရမ်းစျေးကြီးတယ်” လို့ အထက်ဖော်ပြပါ အမျိုးသမီးက ဆက်ပြောပါတယ်။

ဆေးဝါးသယ်ယူဖို့ ခက်ခဲနေတာကြောင့် လက်ရှိ နောင်မွန်မြို့ပေါ်မှာ ပါရာစိမ်းတစ်လုံး ၅၀၀၊ ဒီဂိုဂျင် တစ်လုံး ၇၀၀၊ အန်နာဘွန်စီ တစ်လုံးကျပ် ၂၀၀၀ စသဖြင့် အဆမတန် စျေးတက်နေကြောင်း သိရပါတယ်။

နောင်မွန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်လပ်ပြီး ကုန်ကျစရိတ်များနေတဲ့အတွက် ပြည်သူတွေ ဆေးဝါးကုသဖို့ အခက်အခဲ ဖြစ်နေကြောင်းကို နောက်ထပ် မြို့ခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ဆေးရုံကနေတော့ ပါရာလောက်ပဲ ပေးတယ်။ ပြီးခဲ့တဲ့ရက်က အသိတယောက် မြွေကိုက်လို့သွားတာ ဖြေဆေး မပြောနဲ့ ဘာမီတွန်တောင် ဆေးရုံမှာ မရှိဘူး။ ဆေးရုံ တစ်ညအိပ်ရင် သုံးသိန်းအနည်းဆုံးကုန်တယ်။ ဒါတောင် ရိုးရိုးကုတာ ခွဲစိပ်တာတွေ မပါဘူး” လို့ မြို့ခံအမျိုးသမီးက ပြောပါတယ်။

အခုလို ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါး ကုသစရိတ် အဆမတန် များတာနဲ့ ဆေးဝါးတွေ လုံလုံလောက်လောက် မရှိတာတွေကြောင့် ပြည်သူအခက်အခဲ ဖြစ်နေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအို‌ဒေသေထဲကို ကားလမ်းနဲ့ဆေးဝါးသယ်ယူခွင့်ကို ၂၀၂၄ ခုနှစ်ကတည်းကနေ တားမြစ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ပူတာအိုမြို့နယ်ထဲမှာတော့ ဆေးဝါးတွေက်ို လေကြောင်းနဲ့ သယ်ယူလို့ ရနိုင်ပေမယ့် လေကြောင်းမရှိတဲ့ နောင်မွန်လိုဒေသတွေမှာ ကုန်ကြောင်းကနေ ဆေးဝါး သယ်ယူခွင့် တင်းကြပ်ထားတာဟာ ပြည်သူတွေအတွက် အခက်အခဲ ဖြစ်စေတာဖြစ်ပါတယ်။

နောင်မွန်နဲ့အလားတူ ခေါင်လန်ဖူးဒေသဘက်မှာလည်း ကုန်ကြောင်းနဲ့ ဆေးဝါးသယ်ယူခွင့်တွေ တင်းကြပ်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးကုသဖို့ အခက်အခဲ ဖြစ်နေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတွင်း ဆေးဝါး ၈၅ ရာခိုင်နှုန်းကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေကလည်း အဓိကတင်သွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

နောင်မွန်မြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းကအစွန်ဆုံးကျတဲ့မြို့တစ်မြို့ဖြစ်ပြီး ပူတာအိုမြို့နဲ့ မိုင်းပေါင်း ၇၀ ကျော် မိုင်ကွာဝေးပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...